တပို့တွဲလပြည့် – သြ၀ါဒပါတိမောက် အခါတော်နေ့။

တပို့တွဲလပြည့် – သြ၀ါဒပါတိမောက် အခါတော်နေ့။
•••••••••••••••••••••••••••••••••••••••••••
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။

တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ …
– အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
– အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
– အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
– ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ တို့ ဖြစ်ပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် –
• သြ၀ါဒပါတိမောက်နှင့်
• အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။
သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။
ဘုရားတစ်ဆူနှင့်တစ်ဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊
ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ …

ဝိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို
ပြတော်မူသည်။ တစ်ကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။

သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။

ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။

ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။
သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို …
– တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
– ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
– ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
– မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း …
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော –
ကဿပညီနောင် ရှင်တစ်ထောင်၊
အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား . .
ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။

သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်
ဖြစ်ပါသည်။

အာရမ္မဏပစ္စည်းပဋ္ဌာန်းတရား

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
_/\_ *** _/\_ *** _/\_
အာရမ္မဏပစ္စည်းရဲ့ စာပဋ္ဌာန်း၊ ရွာပဋ္ဌာန်းနဲ့ ငါပဋ္ဌာန်းဆက်နေကြပုံလေး ပူဇော်ကြပါဦးစို့။
စာပဋ္ဌာန်း
အာရမ္မဏပစ္စယောတိ
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတ၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာန၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယ၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဗောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဗ္ဗေဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ယံယံဓမ္မံ အာရဗ္ဘယေယေဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာဓမ္မာ တေတေဓမ္မာ တေသံတေသံ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။
_/\_ *** _/\_ *** _/\_
ရွာပဋ္ဌာန်း

မှတ်ရန် ဆောင်ပုဒ်ကား
၁။ အာရုံငါးထွေ၊ ငါးဝိညေ၊ မှတ်လေအာရမ္မဏ၊ ကြောင်းကျိုးရ။
၂။ အာရုံငါးရပ်၊ မနောဓာတ်၊ စွဲမှတ်အာရမ္မဏ ကြောင်းကျိုးရ။
၃။ အာရုံခြောက်ရပ်၊ ၀ိညာဏ်ဓာတ်၊ စွဲမှတ်အာရမ္မဏ ကြောင်းကျိုးရ။
၎။ အာရုံရှိသမျှ၊ ကျိုးဖလမှ၊ စိတ္တစေသာ၊ မှတ်ပါအာရမ္မဏ အချုပ်ပြ။
၅။ အာရုံအာရမ္မဏိ၊ ပြောင်းလေဘိ၊ မှတ်သိအနိစ္စ၊ ရှုပါကြ။

အဓိပ္ပါယ်အချုပ်ကား
အဆင်းကြောင့် မြင်သိစိတ်ဖြစ်။
အသံကြောင့် ကြားသိစိတ်ဖြစ်။
အနံ့ကြောင့် နံသိစိတ်ဖြစ်။
အရသာကြောင့် စားသိစိတ်ဖြစ်။
အတွေ့ကြောင့် တွေ့သိစိတ်ဖြစ်။
အာရုံခြောက်ပါးကြောင့် ကြံသိစိတ်ဖြစ်။
ထိုအာရုံခြောက်ပါးကား အာရမ္မဏပစ္စည်းတရားတို့ပင် ဖြစ်ပေ၏။
ပစ္စည်းနဲ့ ပစ္စယုပ္ပန်ခွဲကြဦးစို့။
အာရမ္မဏပစ္စည်းအကြောင်းတရားများကား – စိတ်၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ နိဗ္ဗာန်၊ ပညတ်တရားတို့ပင်တည်း။
ပစ္စယုပ္ပန်အကျိုးတရားများကား – စိတ်၈၉ + စေတသိက် ၅၂ တို့ပင်တည်း။
**စိတ်စေတသိက်တို့ မခွဲနိုင်လောက်အောင် မွေ့လျော်ဖွယ်ဆောင်သော သတ္တိထူးသည် အာရမ္မဏသတ္တိ မည်၏။
ပုံလေးမှာ ပြထားတဲ့အတိုင်း တောင်ဝှေး၊ ကြိုးတန်းသည် မသန်စွမ်းသူတို့၏ ထောက်တည်ရာ ဖြစ်သကဲ့သို့ အာရုံခြောက်ပါးတရားတို့သည်လည်း စိတ်၊စေတသိက်တို့၏ ထောက်တည်ရာ ဆွဲကိုင်ရာအဖြစ် ကျေးဇူးပြု၏။
ဒီနေရာမှာ တောင်ဝှေးသည် နာမ်အာရုံ၊ ပညတ်နဲ့ နိဗ္ဗာန်အာရုံကို ရည်ညွန်းသည်။
ကြိုးတန်းကတော့ ရုပ်အာရုံကို ရည်ညွန်းပါသည်။
ဒါကတော့ ရွာပဋ္ဌာန်းအရ ရှင်းချက်လေးပါပဲ။
_/\_ *** _/\_ *** _/\_

ကဲ ငါပဋ္ဌာန်းကတော့ဖြင့် သတ္တ၀ါတိုင်းမှာ ကိုယ်စီကိုယ်စီ ဆက်နေတဲ့ ငါပဋ္ဌာန်းမို့ လူတိုင်းလည်း သိနိုင်၊ မြင်နိုင်၊ နားလည်နိုင်ကြမှာပါ။ ဒီစာတွေ ဖတ်ရှုလေ့လာခွင့်ရတော့မှပဲ နေ့စဉ်ကျင်လည်လှုပ်ရှားနေရတဲ့ လောကကြီးတစ်ခုလုံး အာရုံခြောက်ပါးနဲ့ လွတ်အောင်နေလို့ မရနိုင်တာသွားတွေ့ပါရဲ့။ ကဲ ငါပဋ္ဌာန်းဆက်ကြစို့ ဆိုတော့ အဝေးကြီးမရှာရပါဘူး။ ခုလက်ရှိလုပ်နေတာကိုပဲ ခွဲခြမ်းစိတ်ဖြာဆက်စပ်ကြပါစို့။ ဒီစာတွေဘာလို့ ဖတ်နေရလဲဆိုတော့ အာရမ္မဏပစ္စည်းရဲ့ပဋ္ဌာန်းသတ္တိတွေ သိချင်တဲ့ဆန္ဒကြောင့်ပေါ့။ ကဲ ဖတ်ပြီဆိုတော့ ရေးထားတဲ့ အာရမ္မဏပစ္စည်းက ဘယ်လို ပစ္စယုပ္ပန်ကဘယ်လိုဆိုတာ သေချာသိချင်လေတော့ ဖတ်နေလိုက် တာ စာပေါ်က မခွာနိုင်ဖြစ်နေပြီ။ အော် ဒါသည်ပင် စာပေတည်းဟူသော အာရမ္မဏပစ္စည်း အကြောင်းတရားက ဖတ်ရင်းဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်နဲ့ ယှဉ်ဖက်စေတသိက်တရားတို့ကို ဆွဲကိုင်ရာပမာဏ အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုလို့နေပါပြီ။ အော် ဖတ်နေတဲ့စာမျက်နှာမှ စာအာရုံသည် အာရမ္မဏပစ္စည်းတရား။ ဖတ်ရင်းဖြစ်ပေါ်နေတဲ့ မြင်သိစိတ်မှသည် ပွားနေတဲ့ကုသိုလ်ဇောတို့က ပစ္စယုပ္ပန်အကျိုးတရားများပင် မဟုတ်ပါလော။ အော် တို့တော့ စိတ်ဝင်တစားဖတ်နေလိုက်တာ ထမင်းစားချိန်လည်း သတိမထားမိတော့ပါ။ ကြည့်စမ်း အာရမ္မဏသတ္တိတွေပြနေပေါ့။ သူ့သတ္တိကဘာတဲ့။ “စိတ်၊ စေတသိက်တို့ မခွဲနိုင်လောက်အောင် မွေ့လျော်ဖွယ်ဆောင်သော သတ္တိထူးသည် အာရမ္မဏသတ္တိထူလို့ ဆိုတာတာပဲ”။ကဲ ဒါကိုက စာဖတ်ရင်း အာရမ္မဏ ငါပဋ္ဌာန်းဆက်နေပုံလေးပါ။
ကုသိုလ်ပိုင်းတွေသွားကြမယ်။ တို့တွေကုသိုလ်ပြုကြတဲ့အခါ ဒါနကုသိုလ်တွေပြုကြတယ်။ ပုံလေးမှာ ပါတဲ့အတိုင်း သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်ကြပြီပေါ့။ အားလုံးလည်းစာဖတ်ရင်း အတူတကွ ဆက်ကပ်ကြရအောင်လား။ သံဃာတော်များတည်းဟူသော အာရုံက ဆက်ကပ်ရင်းဖြစ်ပေါ်လာတဲ့ ကုသိုလ် စိတ်စေတသိက်တွေကို ဖြစ်ပေါ်စေဖို့ ဆွဲဆောင်ကာကျေးဇူးပြုနေပါပြီ။ သံဃာတော်တည်းဟူသော အာရမ္မဏပစ္စည်းတရား။ ဒီအာရုံကိဆွဲမှီ၍ဖြစ်လာရသော ကုသိုလ်စိတ်စေတသိက်တရားတို့ကား အာရမ္မဏပစ္စည်းကျေးဇူးပြုလိုက်တဲ့ ပစ္စယုပ္ပန်တရားတွေပါပဲ။ အော်တို့တွေမှာ ဆွမ်းကပ်ရင်း ဆွမ်းဘုန်းပေးနေတဲ့သံဃာတော်တွေကို အာရုံပြုလို့ ကြည်ညိုရင်းဖြစ်နေတဲ့ ကုသိုလ်ဇောတွေ ကြည့်စမ်း။ ငါပဋ္ဌာန်းတွေ ဆက်နေလိုက်တာ။ အားလုံး မြင်ကြမှာပါလေ။ ဘယ်လောက်တောင် ကြည်နူးရလဲဆိုတာ။ စာဖတ်ရင်းနဲ့ကိုက ဆွမ်းတွေကပ်နေရပြီ။ ကုသိုလ်ဇောတွေ တစ်စီတစ်တန်းကြီး ငါပဋ္ဌာန်းတွေဆက်နေပေါ့။ ဒီကုသိုလ်တွေက ပြုစဉ်မှာတင်ပြီးသွားပြီလားဆိုတော့ ဘယ်ဟုတ်မလဲ။ ပြန်တွေးမိရင်း စိတ်မှာ ချမ်းသာမှုတွေ ထပ်တိုးရပြန်တယ်နော်။ ၀မ်းမြောက်ရပြန်တယ်။ ဒီလိုနှလုံးသွင်းတဲ့အခါမှာ ရှေးကပြုခဲ့တဲ့ ဒါနကုသိုလ်အာရုံသည် အာရမ္မဏပစ္စည်းအနေနဲ့ နောက်ထပ် နှလုံးသွင်းမိတိုင်း ဒီအာရုံကိုယူမိတိုင်း နောက်နောက် ကုသိုလ်စိတ်၊စေတသိက်တွေပွားတိုးလာအောင် ကျေးဇူးတွေပြုနေပြန်တာလည်း မြင်မှာပေါ့နော်။
ဒါကြောင့်“ကုသလောဓမ္မော ကုသလဿဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော”ဆိုတဲ့အတိုင်းကို ကုသိုလ်တရားသည် ကုသိုလ်တရားအား ဆွဲကိုင်ရာ အာရမ္မဏသတ္တိဖြင့် ဆွဲဆောင်ကြမှု ကျေးဇူးပြုသည်ဖြစ်၏ တဲ့။ ကဲ ကြည့်စမ်းပါဦး။ တစ်ကြိမ်တစ်ခါ ကိုယ်ထိလက်ရောက်ပြုထားတဲ့ကုသိုလ် ပြန်နှလုံးသွင်းလိုက်တော့ ဒီကုသိုလ်အာရုံပြန်ပေါ်လာပြန်တယ်။ အဲ ပေါ်လာတဲ့ကုသိုလ်အာရုံလေးခမျာ တာဝန်ကျေရှာပါ့။ ကြည့်ပါဦး။ သူ့သာနှလုံးသွင်းလိုက် သူ့ကိုဆွဲကိုင်ပြီး နောက်ထပ် ကုသိုလ်စိတ်စေတသိက်တွေကို အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနေရှာပြန်ပေါ့။ အော် ကျေးဇူးကြီးလှပါပေ့။ ငါပဋ္ဌာန်းတွေများ ဆက်နေချက်နော်။ ခုလိုလေး သိခွင့် ရတာကိုပဲ နေရတာ အတော်အရသာရှိပေါ့။ ငါပဋ္ဌာန်းတွေ ကိုယ်တိုင်လည်း ဆက်နေပုံမြင်ရသလို သူများလည်း လှမ်းကြည့် ဆိုင်ရာအာရုံနဲ့ ဆိုင်ရာငါပဋ္ဌာန်းတွေများ အမလေးလေး မလွတ်အောင်ဆက်နေလိုက်ကြတာ။ နည်းနည်းများ လွတ်အောင်နေကြည့်လို့ရမလားလို့ ပုန်းကြည့်ချင်ပါဘိ။ မလွတ်နိုင်အောင် ငါပဋ္ဌာန်းဆက်ချက် နော်။
ကဲ အရှိန်ကရလာပြီနော်။ ကုသိုလ်ဒါနနဲ့ပတ်သက်လို့ ငါပဋ္ဌာန်းဆက်ပုံလေး အာရမ္မဏပစ္စည်းအားဖြင့် ရိပ်မိလောက်ပါပြီ။ အကုသိုလ်ဖက် ပြေးဆက်ကြည့်ကြဦးစို့။ အဝေးကြီးမဟုတ်ပါ။ ငါးပါးသီလမလုံခဲ့သော် ဘယ်လိုတွေ ငါပဋ္ဌာန်းဆက်ကြမလဲလို့။
၁။ သူ့အသက်သတ်ခြင်း
သူ့အသက်သတ်ခြင်းအမှု ကျူးလွန်နေသူရဲ့ အာရမ္မဏပစ္စည်းက ဘာဖြစ်မလဲ။ သတ္တ၀ါအာရုံ တနည်းအားဖြင့် ဇီဝိတိနြေ္ဒတည်းဟူသော သင်္ခါရပရမတ္ထအာရုံပေါ့။ ကဲ ဒီအာရမ္မဏပစ္စည်းအကြောင်းတရားတို့ကြောင့် သတ်သူရဲ့ စိတ်မှာဘယ်တရားတွေ ဖြစ်နေလဲကြည့်ကြပါဦးစို့။ ဖြစ်နေတဲ့ အကျိုးပစ္စယုပ္ပန်တရားတွေ ကောက်လိုက်တော့ ဒေါသမူ+ မောဟမူဇောတွေ စောစေဖို့ ကျေးဇူးပြုနေပါပြီ။
၂။ သူ့ဥစ္စာခိုးယူခြင်း
ကြည့်ပါဦး။ သူများပစ္စည်းခိုးယူသူရဲ့ အာရမ္မဏပစ္စည်းကောက်တော့ သတ္တ၀ါအာရုံကိုလည်းကောင်း၊ ထိုထိုဝတ္တုကပရမတ်သင်္ခါရအာရုံကိုလည်းကောင်း အာရုံပြုနေပြီနော်။ အဲဒီအာရမ္မဏပစ္စည်းအာရုံတရားကို စွဲကိုင်လို့ ဟော ထကြွသောင်းကျန်းနေတဲ့ စိတ်မှာလောဘမူ၊ ဒေါသမူအပြင် မောဟမူဇောတွေ တရစပ် စောကုန်ကြပြီနော်။ အော် ခိုးသူမှာဆက်နေတဲ့ ငါပဋ္ဌာန်းအရကောက်နေပြီပေါ့။
၃။ သူတစ်ပါးသားမယား လွန်ကျူးသူရဲ့ အာရုံဆိုတော့ အတွေ့ဖောဋ္ဌဗ္ဗာသင်္ခါရအာရုံ တနည်းပြောတော့ အလိုသတ္တ၀ါအာရုံပေါ့။ ဒါသည်ပင် အာရမ္မဏပစ္စည်းတရား။ အာရုံညွတ်တာနဲ့ ဟော စိတ်မှာ တန်းနေတဲ့ အကုသိုလ်ဇောအရကောက်တော့ လောဘမူ၊ ဒေါသလည်းမူမယ်။ မောဟလည်းမူမယ်နော်။ ဒီအကုသိုလ်ဇော သုံးမျိုးလုံး အားရပါးရ စောနေလိုက်တာ။ အော် ငါပဋ္ဌာန်းဆက်ပြန်ပေါ့။
၎။ မုသားစကားပြောတဲ့အခါဝယ် ကြည့်ကြဦးစို့။ ကိုယ်တိုင်မုသားပြောမိတယ်ထား။ အပြောခံတဲ့သတ္တ၀ါအာရုံသည် အာရမ္မဏပစ္စည်းတရား။ ပြောနေရင်း ဒီအာရမ္မဏပစ္စည်းကို စွဲကိုင်ပြီး ထထွက်လာကြတဲ့ စိတ်စေတသိက်တွေကလည်း ဘာထူးလည်း လောဘမူ၊ ဒေါသမူ၊ မောဟမူ သုံးပါးလုံးမူနေတဲ့ ဇောတွေ စောစောစောတော့။ ကဲ စကားပြောရင်းလိမ်ရင်းနဲ့ ငါပဋ္ဌာန်းတရားများ ဆက်နေပေါ့။ ဟူး မလွယ်ပါလား။
၅။ တစ်ခါ သုရာမေရိယအပြစ် ကျူးလွန်သူ အရက်သမားကြည့်ကြည့်ပေါ့။ သူသောက်စားနေတဲ့ ဘိန်း၊ ဘင်း၊ ကဇော်၊ အရက်စတဲ့ ပရမတ္ထသင်္ခါရတရားတွေက အာရမ္မဏပစ္စည်းနော်။ ဒီအာရုံပေါ်ဆွဲကိုင်လို့ ယိုင်ထိုးထလာ သလား။ တက်ကြွစွာထလာသလားတော့မပြောတတ်။ ထဖြစ်လိုက်တဲ့ စိတ်မှာယှဉ်တဲ့ ပစ္စယုပ္ပန် ယှဉ်ဖက် စေတသိက်တွေက ဘာတွေဖြစ်မလဲ။ လောဘမူ၊ ဒေါသမူနဲ့ မောဟပဲ မူတော့မပေါ့။ ဘယ်ကုသိုလ်မှ ၀င်ခွင့်မရှိ။ ကုသိုလ်ဖြစ်ခွင့်မရှိနယ်မြေ။ အင်း ဆက်ကြပါ ငါပဋ္ဌာန်းတရားတို့။
အဲလိုသာ လိုက်ခွဲကြကြေးဆို အာရုံကင်းပြီးဖြစ်တဲ့စိတ်ရောရှိလားလို့ တွေးမိရင်း ဟူး မလွတ်နိုင်တဲ့ ငါပဋ္ဌာန်းတရားတွေကြားမှာ ဟိုလူ့ကြည့်လည်း ငါပဋ္ဌာန်းတွေ ဆက်ပြရင်းရယ်ပြနေပေါ့။ ဒီလူ့ကြည့်လည်း ငါပဋ္ဌာန်းတွေဆက်လို့ လုပ်ဆောင်နေကြပြန်တော့ တို့လည်း ဟိုလူ့ကြည့်တော့ ဟိုလူ့အာရုံအရ ကိုယ့်မှာ ငါပဋ္ဌာန်းဆက်ရပြန်။ ဒီဖက်ကြည့်လည်း မြင်လိုက်တဲ့ အာရုံအရ ငါပဋ္ဌာန်းဆက်ကြပြန်ဆိုတော့ ဟူး ငါပဋ္ဌာန်းဝင်္ကပါလေးတော့ အမြန်ရပ်တော့မှ။ စာလည်းအတော်ရှည်သွားပြီမို့ ဒီတင်ပဲ တော်ကြပါစို့လား။
အားလုံးလည်း အာရမ္မဏသတ္တိထူးတို့ကျေးဇူးပြုမှုကို သိရတဲ့အခါ အတတ်နိုင်ဆုံး နှလုံးသွင်းမှန်နိုင်ကြကာ ကုသိုလ်ငါပဋ္ဌာန်းများ နေ့စဉ်ပွားများစည်ပင်တိုးတက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတော့သည်။

စောသဇင်(မန္တလေး)
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
_/\_ *** _/\_ *** _/\_

 

ကုသိုလ်အစားစားငါပဋ္ဌာန်းဖြစ်ပွားပုံ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
_/\_ *** _/\_ *** _/\_

ဒီနေ့တော့ ကုသိုလ်အစားစား “ငါပဋ္ဌာန်း”တရားများအကြောင်းဆက်ကြပါဦးစို့။
ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်များမှာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ အစဖြာတဲ့ ကုသိုလ်ဓမ္မဖက် တနည်းပြောရင် ကောင်းတဲ့သဘောဖက်သို့ လေ့ကျင့်မှုအထုံရအောင် ပြုထားသူတွေမှာကျတော့ မြင်ရတဲ့အာရုံသည် နှစ်သက်စရာအာရုံပဲဖြစ်စေ၊ မနှစ်သက်စရာအာရုံပဲဖြစ်ဖြစ်ပေါ့ ဘယ်လိုအာရုံနဲ့ပဲ ကြုံကြုံ မိမိစိတ်သွားနှလုံးထားကို ကောင်းတဲ့သဘောဖြစ်လောက်အောင် အသင့်အတင့်နှလုံးသွင်းခြင်း ဆိုတဲ့ ယောနိသောမနသိကာရနဲ့ စောင့်စည်းခြင်းဆိုတဲ့ သံဝရတရားတို့ ထားနိုင်တဲ့အတွက် သူတို့မှာ ကုသိုလ်ဇောတွေစောကြပါတယ်။ ဥာဏ်ယှဉ်ခဲ့ရင်တော့ အလောဘ၊ အဒေါသ၊ အမောဟဟိတ် တို့က ရေသောက်မြစ်သဖွယ် အကြောင်းအနေနဲ့ ကျေးဇူးပြုကြမှာပေါ့။ ဥာဏ်မယှဉ်ခဲ့ရင်တော့ အလောဘနဲ့ အဒေါသဟိတ်တို့ကဒွိဟိတ်ကုသိုလ်ရေသောက်မြစ်တွေ အနေနဲ့ ကျေးဇူးပြု ကြပြန်တာပေါ့။ အဲဒီလို ကုသိုလ်ဟိတ်အကြောင်းတရားတို့ကြောင့် ထိုပုဂ္ဂိုလ်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ အမူအယာတွေဟာ နုညံ့ခြင်း၊ သိမ်မွေ့ခြင်းနဲ့ ယဉ်ကျေးလိမ္မာခြင်းဆိုတဲ့ အကျိုးပစ္စယုပ္ပန် တရားတွေစည်ပင်လာခြင်းသည်ပင် ကုသလအစားစား တိဟိတ်(သို့) ဒွိဟိတ် “ငါပဋ္ဌာန်း”တရားတို့ ဆက်နေခြင်းပဲလို့ မြင်တတ်လာပါပြီ။
ဒါဆိုတော့ အကုသလအစားစား “ငါပဋ္ဌာန်း”ဆက်ပုံရယ်၊ ကုသလအစားစား“ငါပဋ္ဌာန်း” ဆက်ပုံရယ်တော့ အတော်အတန် နားလည်သဘောပေါက်သွားပြီပေါ့။ တစ်ခုကျန်နေတာက အဗျာကတဘက် “ငါပဋ္ဌာန်း” ဆက်ခြင်းလေးပါပဲ။အဲဒါကျတော့ ပစ္စေကဗုဒ္ဓါ၊ ဘုရား ရဟန္တာတို့ရဲ့ သန္တာန်မှာသာဖြစ်ကြမှာပါ။ ထိုအရှင်မြတ်တို့သန္တာန်မှာ ထိုထိုအာရုံတွေကို တွေ့ရတိုင်း ယောနိသောမနသိကာရနဲ့ သံဝရစောင့်စည့်ခြင်းတို့ဖြင့် ကြိယာဇောတွေသာ ဖြစ်ကြရတယ်တဲ့။ ဥာဏ်ယှဉ်ပါမူ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်သုံးပါးက ရေသောက်မြစ်တွေအနေနဲ့ ကျေးဇူးပြု မှာပေါ့။ ဥာဏ်မယှဉ်ခဲ့မူ အလောဘ၊ အဒေါသ ဆိုတဲ့ ဟိတ်နှစ်ပါးက ရေသောက်မြစ်အနေဖြင့် အဗျာကတဘက် “ ငါပဋ္ဌာန်း”ဆက်ကြလေ၏။ တဲ့။
ဤနည်းအားဖြင့် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဟိတ်တို့က သတ္တ၀ါတိုင်းတို့မှာ “ငါပဋ္ဌာန်း” ဆက်ကာ တရားအစစ်တို့ ဖြစ်ပေါ်လေကြကုန်၏။
ဒီထိကတော့ ဟေတုပစ္စည်းအပေါ် စာပဋ္ဌာန်း၊ ရွာပဋ္ဌာန်း နှင့် ငါပဋ္ဌာန်းဆက်ပြပုံလေး ပြီးပါပြီ။
ဒီနေရာမှာ ကျနော်တို့ ထပ်သိသင့်တာက ဥာဏ်ယှဉ်ခြင်းဆိုတာ ဘယ်လိုကိုပြောတယ်။ ဥာဏ်မယှဉ်တာကဘယ်လိုဆိုတာလေးပါ။ ဒါကြောင့် အဲဒါလေးကို အဋ္ဌသာလိနီအဋ္ဌကထာမှ ထုတ်နုတ်ကာ မိုးညှင်းဆရာတော်ကြီး ရှင်းပြထားတဲ့အတိုင်းလေး ပြန်လည်ဝေမျှပါမယ်။
ဥာဏ်ယှဉ် မယှဉ်ကား
– ကံကံ၏အကျိုးကို ယုံကြည်သိရှိ၍ ပြုလုပ်ပြောဆို ကြံစည်ပါက ဥာဏ်ယှဉ်သည်ဟုဆိုနိုင်၏။
– ဤသို့ မသိပါမူ ဥာဏ်မယှဉ်၍ ဥာဏ၀ိပ္ပယုတ်သာတည်း။
“ကမ္မဉ္ဇ ဖလဉ္ဇ သဒ္ဓဟိတွာ ကတံ သမ္ပဇာနကတံနာမ။
ကမ္မံပိ ဖလံပိ အဇာနိတွာ ကတံ သမ္ပဇာနကတံနာမ။
သမ္ပဇာနကရကံပန စတူဟိဥာဏ သမ္ပယုတ္တေဟိ။
အသမ္ပဇာနကရကဏံ စတူဟိ ဥာဏ၀ိပယုတ္တေဟိ” (အဋ္ဌသာလိနီ)
ဆောင်ပုဒ်အနေဖြင့်မှတ်ရသော်
(၁) အကျိုးနှင့်ကံ၊ သိသူမှန်၊ ဖြစ်ရန်ဥာဏ သမ္ပယုတ္တ။
(၂) အကျိုးနှင့်ကံ၊ မသိမှန်၊ ဖြစ်ရန်ဥာဏ ၀ိပယုတ္တ။
ဟု အဋ္ဌသာလိနီအဋ္ဌကထာ မိန့်မှာတော်မူတိုင်း ဥာဏ်သမ္ပယုတ် တိဟိတ်ကုသိုလ်၊ တိဟိတ် အဗျာကတတို့ လက်ငင်းဖြစ်ကြခြင်းကို အသေအချာသိကြပါလေ။
အဲလိုသိသွားပြီးတဲ့နောက် ဥာဏ်ယှဉ်တဲ့နေရာမှာလည်း ဥာဏ်ဖြစ်ပွားရန်အကြောင်းကံကို ပြုမှသာ ဥာဏသမ္ပယုတ်ကုသိုလ်တွေ ဖြစ်ကြရမှာပါ။ ဒါကြောင့် ဘယ်လိုအကြောင်းကံကိုပြုမှ ပညာဥာဏ်ကြီးခြင်း ဥာဏသမ္ပယုတ်ကုသိုလ်တွေ ပြုနိုင်မှာပါလဲ ဆိုတာလေးပါ ဆက်ကြပါဦးစို့။
“ထိုမှတစ်ပါး ဥာဏ်ဖြစ်ပွားရန် အကြောင်းကံကို ပြုလိုကြပြန်မူ မိမိတို့ကိုယ်တိုင် သူတစ်ပါးတို့အား တရားသဖြင့် ဟောပြောပြသ ဆုံးမပဲ့ပြင်သွန်သင်ပို့ချခြင်း၊ အပြစ်မရှိသော အသက်မွေးကြောင်းဖြစ်သော အတတ်များ၊ အမှုများ ပညာများကို သင်စေခြင်း၊ ထိုထိုဓမ္မကထက တို့အား ပူဇော်သက္ကာရကိုပြု၍ တရားဓမ္မကို ဟောပြောပို့ချ ဆုံးမပဲ့ပြင် သွန်သင်စေခြင်း၊ ကုသိုလ်ပြုတိုင်းတို့မှာ ပညာကြီးရပါလို၏ဟု ဆုတောင်းခြင်း စသည်တို့ကို ပြုလုပ်ကြက ပညာကြီးခြင်း၏အကြောင်း ကောင်းမြတ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြစ်ကြောင်း ပေတည်း။”
ဆောင်ပုဒ်
“ဟောပြောသင်စေ၊ ဟောကြားစေနှင့်၊ တစ်ထွေဆုတောင်း၊
လေးပါးပေါင်း၊ ကြီးကြောင်းဥာဏ မှတ်ကုန်ကြ။”(အဋ္ဌသာလိနီအဋ္ဌကထာ) တွင် မိန့်တော်မူတိုင်း ဥာဏသမ္ပယုတ်ဖြစ်ကြောင်း နည်းကောင်းနည်းမြတ်တို့ကို ရရှိမှတ်မိကြ၍ အရာရာတိုင်းတို့မှာ ဥာဏ်ကြီးကြောင်းအလုပ်ကို အားထုတ်ပြုလုပ်နိုင်ကြပါစေ သတည်း။ဤကား တိဟိတ်ကုသိုလ်အလုပ် အားထုတ်ရန် အကျဉ်းချုပ်တည်း။

မိမိနားလည်သလို ပြန်ရေးခြင်းဖြစ်ပါသောကြောင့် လိုအပ်ချက်များကတော့ ရှိနေဦးမှာပါပဲ။ သို့သော် ပဋ္ဌာန်းအရသာကို နည်းနည်းပဲဖြစ်ဖြစ်တော့ ရရှိခံစားမိတဲ့အခါဝယ် စိတ်ဝယ်ဝမ်းမြောက်ပီတိတို့ တိုးပွားကာ ကုသိုလ်ဟိတ်တို့မှသည် ကုသိုလ်ဇောတို့ စောနိုင်ကြကာ ကုသိုလ်ပင်စည်တို့ ဝေဆာနိုင်ကြပါစေရန် ရည်သန်ပူဇော်အပ်ပါသည်။
စောသဇင်(မန္တလေး)

ဟေတုပစ္စည်း

ပဋ္ဌာန်းတရားတော်ကြီးအကြောင်း မိုးညှင်းတောရ ဆရာတော်ကြီးရေးသားပြုစုထားသော
“ပဋ္ဌာန်းဝိပဿနာကျင့်စဉ်တရားတော်ကြီး”စာအုပ်မှ ဖတ်ရှုရင်းဖြင့် သဒ္ဓါတရားတို့ တဖွားဖွား ဖြစ်ပေါ်လာရသလို ဆရာတော်ကြီးရှင်းပြထားတဲ့ စာပဋ္ဌာန်း၊ ရွာပဋ္ဌာန်းနဲ့ ငါပဋ္ဌာန်းဆိုတာကိုလည်း အထူးသဘောကျလှသဖြင့် ခုလို ဖတ်မိသမျှ ပြန်လည်ရေးချ မှတ်တမ်းတင်မိပါတော့သည်။
ပဋ္ဌါန်းအဓိပ္ပါယ်ကား အထူးထူး အပြားပြားသော အကြောင်းပစ္စည်းတရားတွေ(သို့) အကျိုးတရားတို့၏ တည်ရာဖြစ်သော(၂၄)ပါးသော အကြောင်းတရားတို့ကို ပဋ္ဌါန်းဟုဆိုအပ်၏။
ရှေးဦးစွာ ဟေတုပစ္စည်းကို စာပဋ္ဌာန်း၊ ရွာပဋ္ဌာန်း၊ ငါပဋ္ဌာန်းခွဲ၍ ရှင်းပြထားပေသည်။
ဟေတုပစ္စည်း
၁။ စာပဋ္ဌာန်း
“ဟေတုပစ္စယောတိ ဟေတူဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။”
ဒါသည် စာပဋ္ဌာန်းတည်း။
၂။ ရွာပဋ္ဌာန်း
(၁) လော ဒေါ မောဟ၊ မိုက်မှားနေ၊ မှတ်လေ ဟေတုကြောင်းရင်းစု။
(၂) အလော အဒေါ အမောသုံးထွေ၊ ကောင်းမြတ်နေ၊ မှတ်လေဟေတုကြောင်းရင်းစု။
(၃) ဟေတုပစ္စယဖြစ်ပျက်ကြ၊ အနိစ္စစုမြင်အောင်ရှု့။
ဟူသော ဤမြန်မာစကားကို အကျဉ်းချုပ်ပြဆိုသော ထိုဟိတ်ခြောက်ပါးတို့အရကား လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်အားဖြင့် ခြောက်ပါးတို့တည်း။ ဤခြောက်ပါးတို့ကို မြန်မာပြန်သော် လိုချင်သည့်အကြောင်း(လောဘ)၊ ပြစ်မှားသည့်အကြောင်း(ဒေါသ)၊ တွေဝေသည့်အကြောင်း(မောဟ)၊ မလိုချင်သည့်အကြောင်း (အလောဘ)၊ မပြစ်မှားသည့်အကြောင်း(အဒေါသ)၊ မတွေဝေသည့်အကြောင်း(အမောဟ) တို့တည်း။ ဤခြောက်ပါးတို့ကား ရွာပဋ္ဌာန်းစကားတို့တည်း။

၃။ ကဲ ငါပဋ္ဌာန်းလေး ဆက်ကြပါဦးစို့။
လူမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနောပေါက်ရယ်လို့ ဒွါရခြောက်ပေါက်ရှိတယ်နော်။ အဲလိုပဲ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံရယ်ဆိုပြီး အာရုံခြောက်ပါးရှိတယ်။ အဲဒီ ဒွါရနဲ့ အာရုံတို့တွေ့ထိလေသော် ဖြစ်ပေါ်လာတဲ့ ၀ီထိစိတ်အစဉ်အတန်းကလည်း နှစ်မျိုး။ ပဉ္စဒွါရ၀ီထိနဲ့ မနောဒွါရ၀ီထိဆိုပြီးပေါ့။ ထိုဝီထိစိတ်အစဉ်အတန်းတွင် ဇောတွေစောကြတယ်။ ပဉ္စဒွါရ၀ီထိမှာ ကာမဇောစောပြီး မနောဒွါရ၀ီထိမှာတော့ ကာမဇောရော အပ္ပနာဇောပါစောပါတယ်။ အဲဒီဇောတွေကလည်း ကုသိုလ်ဇော၊ အကုသိုလ်ဇောနဲ့ ကြိယာဇောရယ်လို့ (၃)မျိုးရှိကြတဲ့နေရာမှာ ကြိယာဇောကတော့ ဘုရားရဟန္တာတို့မှာသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ကြွင်းတဲ့ ကုသိုလ်ဇောနဲ့ အကုသိုလ်ဇောတွေက ပုထုဇဉ်နဲ့ သေက္ခတို့တွင် ဖြစ်ကြတယ်ပေါ့။
အကယ်၍ ယောနိသောမနသိကာရလို့ဆိုတဲ့ နှလုံးသွင်းလည်းမှန်မယ်။ သံဝရကလျာဏမိတ္တ ဆိုတဲ့ စောင့်စည်းမှုလည်းရှိမယ်ဆိုရင် ကုသိုလ်ဇောတွေ စောကြပြီး အထက်သို့ အတက်သဘော၊ အဆန်သဘော၊ အလင်းသဘောသို့ ရောက်အောင် ကြံဆောင်နိုင်ကြတာပေါ့။
အဲလိုမဟုတ်ပဲ အယောနိသောမနသိကာရဆိုတဲ့ မသင့်မတင့်နှလုံးသွင်းမယ်။ ဆိုလိုတာ နှလုံးသွင်းကလည်းမှား။ အသံဝရဆိုတဲ့ စောင့်စည်းမှုကလည်းမရှိဆိုရင်တော့ အဲဒီပုဂ္ဂိုလ်မှာ အကုသိုလ်ဇောတွေစောပြီးသကာလ အနိမ့်သို့ကျခြင်း၊ အောက်သို့စုန်ခြင်း၊ အမိုက်မှောင်ဖြစ်ခြင်းတို့ တွေ့ကြုံကြရမှာပေါ့။
သတ္တ၀ါအစားစားတို့ရဲ့ ဓမ္မတာတရားက များသောအားဖြင့် ကောင်းသောအာရုံကိုမြင်တဲ့အခါ လိုချင်မှုဖြစ်ကြတယ်။ ဒါသည်ပင် လောဘဟိတ်နဲ့ မောဟဟိတ်တို့ ရေသောက်မြစ်အဖြစ် ကျေးဇူးပြုပြီ နော်။ ဘာလို့လိုချင်သလဲ အယောနိသောမနသိကာရ(မသင့်မတင့်နှလုံးသွင်းမိခြင်း)နဲ့ အသံဝရ (မစောင့်စည်းခြင်း)တို့က အဓိကပေါ့။ အဲဒီအချက်နှစ်ချက်ညီတာနဲ့ အကုသိုလ်ဟိတ်တွေ ခေါင်းထောင် ခွင့်ရပြီးသကာလ လိုချင်လာရင် လောဘဟိတ်+မောဟဟိတ်တို့ လက်ချင်းချိတ်မိပြီ။ အဲကနေမှ ထိုပုဂ္ဂိုလ်ရဲ့ ကိုယ်အမူအယာ၊ နုတ်အမူအယာ၊ စိတ်အမူအယာတို့က လောဘဒါရိုက်တာကြီး အလိုကျ အတိုင်း အကျိုးပစ္စုယုပ္ပန်အနေနဲ့ အကုသလအစားစား ငါပဋ္ဌာန်းတွေ ဆက်ကာဖြစ်ပွားကြကုန်တာပါပဲ။
ခု သင်္ကြန်တွင်းမို့ အာရုံမျိုးစုံတွေမယ်။ လျှပ်ပေါ်လော်လီတဲ့အာရုံမျိုးတွေတွေ့ပြန်တော့ ဘယ့်နှယ့်ဖြစ်။ ကိုယ့်စိတ်ကိုယ်အကဲခတ်ကြည့်ပေါ့။ လိုချင်မှုလောဘဖြစ်ရင် မျက်လုံးတွေအရောင် တောက်လာမယ်။ ပါးစပ်ကြီးဖြဲပြီး စပ်ဖြီးဖြီးတွေဖြစ်လာပြီ။ ဒါကိုက မနောမှာ လောဘဟိတ်နဲ့ မောဟ (အပြစ်ကိုမမြင်ခြင်း)ဟိတ်တို့ လက်ချင်းချိတ်မိနေပေါ့ဆိုတာ မြင်တာနဲ့ တန်းသိနိုင်ပါတယ်။ အော် ဒီဟိတ်နှစ်ဟိတ်ဆိုတဲ့ ရေသောက်မြစ်အကြောင်းတရားတို့ကြောင့် ခုလို ကိုးရိုကားယား ပုံပျက်ပန်းပျက် အကျိုးပစ္စယုပ္ပန်တရားတွေ ထွက်လာရတာပါလားလို့ အကြောင်းနဲ့ အကျိုး ဆက်စပ် မိတာသည် “ငါပဋ္ဌာန်း” တနည်းပြောရင် အကုသလအစားစား ငါပဋ္ဌာန်းတရားတို့ ဖြစ်ပွားကုန်ပေါ့လို့ သိနိုင်ပါတယ်။ ဒါက လိုချစ်စရာအာရုံပေါ်မှာ ငါပဋ္ဌာန်းဆက်နေပုံပေါ့။
နောက်တစ်ခါ မနှစ်မြို့စရာအာရုံနဲ့ တွေ့တဲ့အခါ ဘယ့်နှယ့်ဖြစ်သလဲ။ ကိုယ့်စိတ်အစဉ်ကိုယ် ပြန်စောင့်ကြည့်ကြည့်ပါ။ စိတ်တိုတယ်။ ဒေါသထွက်တယ်။ ဒီတော့ စိတ်မှာပူလောင်မှုတွေ စလာပြီ။ ဟော ဒါသည်ပင် ဒေါသဟိတ်နဲ့ မောဟဟိတ်တို့ လက်ချင်းချိတ်ပြီလို့ တန်းသိပေတော့။ အဲကနေမှ ကိုယ်အမူအယာတွေ ကြမ်းတမ်းခက်ထန်လာပြီ။ နုတ်ကလည်း ဆဲဆိုမှုတွေ လုပ်လာပြီ။ ဟောကြည့်စမ်းပါဦး။ ငါပဋ္ဌာန်းတွေဆက်နေလိုက်တာ။ ဒီကိုယ်နုတ်စိတ် သုံးပါးရဲ့ အမူအယာကို ကြည့်တာနဲ့တင် ဒီလူမှာ ဘာပဋ္ဌာန်းတွေဆက်နေသလဲ သိနိုင်တယ်နော်။ ခုကတော့ဖြင့် အကုသိုလ် အစားစား ငါပဋ္ဌာန်းပွားပုံများကို မြင်မိနေတာပေါ့။ သူများကြည့်လည်းသိနိုင်သလို၊ ကိုယ့်ကိုယ်ကို အကဲခတ်ကြည့်ရင်လည်း တန်းနေတဲ့ စိတ်အစဉ်မှာ ကုသိုလ်ဇောတွေလား အကုသိုလ်ဇောတွေလား ဆိုတာ စီတန်းပြီး အတိုင်းသား သိနိုင်တာသည် “ငါပဋ္ဌာန်း”ပဲပေါ့။
အင်း တစ်ခါတရံကျပြန်တော့ လူက ထုံပေပေ။ ဘာမှလုပ်ချင်စိတ်မရှိ။ စိတ်မပါလက်မပါဖြစ် နေတတ်တယ်။ အဲဒီအခါ ငါပဋ္ဌာန်းဆက်ကြည့်မယ်နော်။ စိတ်အစဉ်မှာ ပျံ့လွင့်မှု ဥဒ္ဓစ္စ၊ သို့လော သို့လောတွေးတောမှု ၀ိစိကိစ္ဆာ အစားစားတို့ ဖြစ်ပွားတာရဲ့ အရင်းခံသည် မောဟဟိတ်တစ်ခုတည်း သော ရေသောက်မြစ်မှသည် အားကြီးစွာ ထောက်ထားလိုက်တာ။ လူက မထုံတတေး၊ မတုန်မလှုပ်။ တွေတွေဝေေ၀၊ ငေးငေးငေါင်ငေါင်နဲ့။ ဖြစ်နေပြီ။ ပြနေပြီနော်။ ဘယ်အကြောင်းတရားလည်း မြင်ကြည့် လိုက်တော့ မောဟဟိတ်ရေသောက်မြစ်ကြီး အလုပ်လုပ်နေရှာပေါ့။ ဒီမောဟစက်ရုံကထုတ်ပေးနေတဲ့ ကိုယ်အမူအယာ၊ နုတ်အမူအယာ၊ စိတ်အမူအယာတွေသည်ပင် မောဟစက်ရုံထုတ်အကျိုးပစ္စယုပ္ပန် တရားများပါလားရယ်လို့ အကုသလ အစားစား “ငါပဋ္ဌာန်းတွေ” ဆက်မိနေပေါ့။
ဒီတော့ အကုသိုလ်ဇောတွေစောပြီးရင်းစောရခြင်းသည် အယောနိသောမနသိကာရဆိုတဲ့ မသင့်မတင့် နှလုံးသွင်းခြင်းနဲ့ အသံဝရဆိုတဲ့ မစောင့်စည်းခြင်းတို့ကြောင့်ဆိုတာလေး သတိထားစရာ ပါ။ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဆိုတဲ့ ကောင်းတဲ့တရားတွေနဲ့ စောင့်ရှောက်လေ့ကျင့်ခြင်း မရှိသူအတွက် ကောင်းတဲ့အာရုံတွေ့ရင် လိုချင်မယ်။ (လောဘ+မောဟ)။ မကောင်းတဲ့အာရုံတွေ့ရင် ဒေါသတွေဖြစ်မယ်။(ဒေါသ+မောဟ)။ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်းမဟုတ်၊ သာမန် အာရုံမျိုးတွေ့ရတဲ့အခါတွေဝေမှိန်းမောနေမယ်။ (မောဟ)။ ဒါတွေပဲ လှည့်ဖြစ်လို့ အာရုံဒွါရတိုက်တိုင်း အကုသိုလ်အစားစား ငါပဋ္ဌာန်းယန္တရားတွေ ဆက်ကာလည်နေပါလားဆိုတာ ခုမှ မြင်တတ်လာပါပြီ။
ဒီနေ့တော့ဖြင့် အကုသိုလ်အစားစား“ငါပဋ္ဌာန်း”နဲ့တင် မောသွားပြီမို့ နောက်နေ့မှ ကုသိုလ်အစားစား “ငါပဋ္ဌာန်း”တို့ ဆက်ကြရအောင်လား။

စောသဇင်(မန္တလေး)

တော်သလင်းလပြည့်နေ့ကနာယူခဲ့ရသောတရားတော်

တော်သလင်းလပြည့်နေ့ နာယူခဲ့ရသော သြ၀ါဒတရား
အားလုံးပဲ မင်္ဂလာပါ။
ဒီတပတ် ဥပုသ်နေ့မှာလည်း ခါတိုင်းဥပုသ်အပတ်တိုင်း ပြုလုပ်ပေးနေကျ အိမ်တွင်းတရားစခန်းပွဲလေးရဲ့ အစီအစဉ်အတိုင်း မနက် ၇နာရီကတည်းက ကျောင်းသား/ကျောင်းသူများ တက်ကြွစွာ ရောက်ရှိလို့နေပါပြီ။ ၇နာရီခွဲသည်နှင့် တရားချီးမြှင့်မည့် ဆရာတော် ကြွရောက်လာပြီမို့ အားလုံး လက်အုပ်ကိုယ်စီချီကာဖြင့် ဦးခိုက် ကန်တော့လိုက်ကြပြီပေါ့။ ဆရာတော် ရှေ့မှ တိုင်ပေးသည့်အတိုင်း ဘုရားရှိခိုးခြင်း၊ ကိုးပါးသီလခံယူခြင်း၊ မေတ္တာပို့သခြင်း၊ အပြစ်တို့ အပြန်အလှန် ၀န်ချတောင်းပန်ခြင်းကိစ္စများ ပြုလုပ်ဆောင်ရွက်ကြပါတယ်။ ပြီးနောက်တော့ နာရီဝက်ခန့် တရားထိုင်ခြင်း အစီအစဉ်လေးအတိုင်း တရားထိုင်ကြပြီပေါ့။ နာရီဝက်အတွင်း ဆရာတော်မှ တရားရှုမှတ်ခြင်းအပေါ် စနစ်တကျ ကြီးကြပ်ညွန်ကြားပေးနေပါပြီ။ တရားမှတ်လို့ အချိန်ပြည့်ပြီး တဲ့နောက်တော့ discussion အစီအစဉ်လေး စတင်ပါပြီ။
“တရားထိုင်ခြင်းနဲ့ပတ်သက်လို့ ဘာများ မရှင်းလင်းတာရှိသေးလဲ? သိလိုတာ မေးကြပါ” မှ အစချီလျှက် ကျောင်းသား/သူများနှင့် တရားမှတ်ခြင်းအပေါ် တွေ့ကြုံရသော အခက်အခဲများ မေးမြန်း လျှောက်ထား ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ကြပါတယ်။ တချို့ကလေးများက “၀င်လေထိတာတော့ သိပြီး ထွက်လေကျ မမိပါဘုရား”…တစ်ချို့ကျပြန်တော့ “၀င်လေမှာပူပြီး ထွက်လေကျ အေးတယ်ဘုရား”…ဟော ငါးတန်းကလေး တယောက်ကကျပြန်တော့ တပည့်တော် တရားမှတ်တုန်း “spider man လို စိတ်ကူးယဉ်ပြီး တိုက်ပေါ်က ခုန်ချ ကြည့်နေတာဘုရား” ဆိုတော့ အားလုံး ၀ိုင်းရယ်ကြတာပေါ့။ အဲလိုနဲ့ တစ်ယောက် တစ်လှည့် နားမလည်တာ မရှင်းတာများ မေးမြန်းပြီးတဲ့နောက် ဆရာတော်မှ ဒီတပတ် မင်းတို့တွေအားလုံးကို ပုံပြင်လေး တစ်ပုဒ်ပြော ပြပါမယ်။ အားလုံး နားထောင်ချင်ကြလား? ဆိုတော့ “နားထောင်လိုပါတယ်အရှင်ဘုရား” ဆိုတဲ့ တပြိုင်နက် တခဲနက် အားပေးသံ ထွက်ပေါ်လာတာပေါ့။ အင်း ဒါတော့ ကိုယ်လည်းတူတူ ပုံပြင်ပြောမယ်ဆို ပျော်ခဲ့တာပဲ လေ။
ဒါနဲ့ ဆရာတော်မှ “ကဲ ဒါဖြင့် အားလုံးနားထောင်ကြပါ။ တစ်ချို့လည်း ကြားဖူးကောင်း ကြားဖူးကြမှာ ပေါ့။ ခု ဘုန်းဘုန်းပြောပြမယ့် ပုံပြင်လေး နားထောင်ပြီးရင်တော့ အဲဒီပုံပြင်ရဲ့ လျှို့ဝှက်ချက်ကို အဖြေထုတ်ပြရ မယ်နော် ဟုတ်ပြီလား..”။ “တင်ပါ့ဘုရား…” ဆိုပြီးပါးစပ်က ဖြေကြားနေပေမယ့် သိချင်လှတဲ့စိတ်က မျက်လုံးမှာ အရောင်တွေတောက်စေပြီပေါ့။ ဆရာတော်ရဲ့ ပုံပြင်လေး စတင်ပါပြီ။ အော တခုကျန်သွားတယ် အဲဒီပုံပြင်လေး ကို စာဖတ်သူများအားလည်း ပြန်လို့ဖောက်သည်ချပါ့မယ်။ ဖတ်ပြီးရင်တော့လည်း လျှို့ဝှက်ချက်ကို ပြန်လည်ပြောပြပေးပါဦးလို့…
“တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါးက ပန်းအလှပြိုင်ပွဲကျင်းပမယ်ဆိုကြေငြာပြီး ကလေးလေးတွေ အားလုံးကို မျိုးစေ့လေးတွေကိုယ်စီ ဝေဌပေးခဲ့တယ်ပေါ့။ ဘယ်နေ့ဘယ်ရက်တော့ ပန်းအလှပြိုင်ပွဲကျင်းပမယ်။ ကျင်းပတဲ့အချိန် အလှဆုံး ပန်းပင်ပိုင်ရှင်ကို ဆုချမှာဖြစ်တယ်လို့ ကြေငြာလိုက်တာပေါ့။ ဒါနဲ့ ကလေးတွေလည်း မျိုးစေ့ကိုယ်စီယူဆောင်လို့ တက်ကြွစွာနဲ့ပဲ မိမိတို့ အိမ်ကိုပြန်ပြီး စိုက်ပျိုးကြတယ်ပေါ့။ အိမ်ပြန်စိုက်တယ်ဆို တော့ ကလေးဆိုတော့ မစိုက်တတ်ရင် မိဘများ အကြီးများရဲ့အကူအညီတော့ ယူရပေမပေါ့။ အဲတော့ ကလေးတစ်ဦးစီတိုင်းရဲ့ အိမ်တွေက မိဘဆွေမျိုးတွေအားလုံး ၀ိုင်းဝန်းပြီး အလှဆုံး ပန်းအလှပိုင်ရှင်ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားကြပြီပေါ့။
ဒီလိုနဲ့ ပန်းအလှပြိုင်ပွဲနေ့လည်း ရောက်ပါပြီ။ ဟာ လှလိုက်တဲ့ပန်းတွေ…။ ပန်းအိုးကိုယ်စီနဲ့ အလှတကာ့ အလှဆုံးတွေ ယှဉ်ပြိုင်ဖို့ အသင့်။ မိမိတို့ကိုယ်တိုင်ရော မိဘဆွေမျိုးများကရော တို့စိုက်ထားတဲ့ ပန်းက သူများထက် အလှဆုံး၊ အသာဆုံးပဲမို့ ဆုရခြင်းရ တို့ပဲရမှာ သေချာတယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ တက်ကြွ ရွှင်လန်းလို့ ….မျက်နှာလေးတွေလည်း တမော့မော့နဲ့နေမှာပေါ့လေ။ ဒီလိုနဲ့ ရှင်ဘုရားကြွလာပြီ… ဆုချဖို့ ဘယ်ပန်း အလှဆုံးဖြစ်မလဲဆိုတာ ကြည့်ရှုဖို့ ကြွလာပါပြီ။ အို…တလမ်းလုံးမှာ ပြသထားတဲ့ ပန်းတွေကတော့ ရှယ်တကာ့ရှယ်တွေချည်းပဲပေါ့။ အလှဆုံး၊ အလန်းဆုံး၊ ဆွဲဆောင်မှုအပြည့်ဆုံးနဲ့ ဖမ်းစားနေပါပြီ။ ရှင်ဘုရင်က ဒီပန်းလေးအတော်လှပါလားလို့များ သွားမကိုင်လိုက်နဲ့ ..ပန်းပိုင်ရှင်တို့က အဲ ငါတော့ ဆုရမှာသေချာပြီဟဲ့ ဆိုပြီးလေ မော့ထားလိုက်တဲ့မျက်နှာတွေနဲ့ ပြုံးပျော်နေကြတာများ မြင်ကြည့်လိုက်တော့ပေါ့။ အင်း ဒီလိုနဲ့ တဖြည်းဖြည်း ဆက်လာလိုက်တာ ဟိုပန်းကလည်းလှ၊ ဒီပန်းကလည်းလှ အလှတကာ့ထွဋ်ခေါင် အလှများနောင်လို့ ဆိုရမယ့် ပန်းအလှတို့ကြား ရှင်ဘုရင်ကြီး ဘယ်ပန်းကိုများ အလှဆုံးရွေးပြီးဆုချပါ့မလဲဆို တာ သဲထိတ်ရင်ဖိုစွာနဲ့ အားလုံး မျှော်လင့်စောင့်စားနေဆဲ………………ဟိုး….ဒေါင့်တနေရာမှာ ငိုနေတဲ့ ကလေးလေးကိုသွားတွေ့ပါတယ်။ သူဘာလို့ငိုနေလဲလို့ ရှင်ဘုရင်က မေးလိုက်တော့ သူ့မျိုးစေ့လေး အပင် မပေါက်လို့ ငိုနေကြောင်းနဲ့ သူလည်း ကြိုးစားပမ်းစား အားသွန်ခွန်စိုက် စိုက်ပျိုးခဲ့ပါရက် ခုတော့ ဘာအပင်မှ ပေါက်မလာတာကြောင့် သူများပန်းအလှများကြား အားငယ်စွာဖြင့် ၀မ်းနည်းလွန်းလို့ ငိုရပါတယ်လို့ လျှောက် တင်တာပေါ့။ အင်း ဒါနဲ့ပဲ…ရှင်ဘုရင်ရဲ့ လိုက်လံကြည့်ရှုစစ်ဆေးခြင်းလည်း ပြီးသွားပါပြီ။
“ကဲ ဆုကြေငြာပါတော့မယ်။ အားလုံးသေချာ နားထောင်ကြပါတယ်။ ဆုရတဲ့သူကတော့ ဟိုး…ဒေါင့်လေးမှာ ထိုင်ငိုနေတဲ့ကလေးပဲဖြစ်ပါတယ်” လို့လည်း ကြေငြာလိုက်ရော “ဟင်!” …“ဟာ!”… “အို!” “ဟယ်!” ….စတဲ့ အာမေဋိတ်သံတွေလည်း ဆူညံသွားတာပေါ့။ အင်း အဲဒီအံ့သြတဲ့ထဲ ကျနော်လည်းပါတယ် နော်။ ကျနော်တင်မဟုတ်ပါဘူး။ နားထောင်နေကြတဲ့ကလေးတွေအားလုံးလည်း ပါးစပ်အဟောင်းသား ဖြစ်ပြီး အံ့သြရတာပေါ့။ ဘာလို့လဲဆိုတော့ စဉ်းစားကြည့်လေ။ ကြေငြာထားတုန်းက “ပန်းအလှပြိုင်ပွဲ” ဆိုတာကိုး။ ခုဆုပေးတော့ ပန်းမပြောနဲ့ အပင်တောင်ပေါက်အောင် မစိုက်နိုင်တဲ့ကလေးသွား ဆုပေးတယ်ဆိုတော့… မထူးဆန်းဘူးလားဗျာ။ ကဲ …ထားတော့။ ရှင်ဘုရင်ကြီးဘာစိတ်ကူးတွေများ လွဲပြီး ပေးမိလေသလဲဆိုတာလေး စဉ်းစားပေးကြပါဦး။ အဲဒီကလေးကို သနားသွားလို့များလား? ဒါမှမဟုတ် အဲဒီကလေးက သူနဲ့ ဆွေးမျိုးနီးစပ် တော်လို့များလား? …လား?….ဒါမှမဟုတ်……..? ???
ကဲ ဒီမှာပဲ တစ်ခန်းရပ်ကြတာပေါ့။ ရှင်ဘုရင်ကြီးရဲ့ရွေးချယ်မှု ဘာကြောင့်လဲဆိုတာလေး သိခွင့် ရခဲ့မယ်ဆိုရင်ဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်းလေး ပြောရင်း မိမိတို့ ထင်မြင်ယူဆချက်များ ပြန်လည်ဝေမျှ ခဲ့နိုင်ပါကြောင်း။

စောသဇင်(မန္တလေး)

ကြားနာခွင့်ရခဲ့သော သြ၀ါဒတရား

မှတ်မှတ်ရရ ၇.၇.၂၀၁၃။
အဲဒီနေ့မှာပဲ မန္တလေးမြို့ ရန်ကင်းတောင်ခြေရှိ ဥယျာဉ် ပရိယတ္တိ စာသင်တိုက်အတွင်း၌ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မတက္ကသိုလ် (မန္တလေး)ဖွင့်ပွဲနှင့် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပါတယ်။
မနက် (၈)နာရီမှာပဲ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီး ကြွရောက်လာခဲ့ပါပြီ။ ပြင်ဦးလွင်မှ ကြွလာတာမို့ ခနနားပြီးသည်နှင့် အခမ်းအနားစတင်ပါပြီ။ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနား စတင်ကြောင်း ကြေငြာပါတယ်။ အခမ်းအနားအစီအစဉ်များကိုတော့ မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြေငြာပြီး စတင်ပါပြီ။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာမှ သြ၀ါဒတရား စတင်ချီးမြှင့်ပါပြီ။ ဆရာတော်ကြီး၏ တရားတော်တော်များများ နာယူဖူးပြီဖြစ်ပေမယ့် ခုဟောတဲ့တရားကတော့ အရင်နာယူဖူးသည့် တရားများနှင့်မတူပဲ တမူထူးခြားသလို ခံစားရပါတယ်။ တဆက်တည်းလည်း မနာရသူများ အား ပြန်လည်ဝေမျှဦးမှ ဆိုတဲ့ သဒ္ဓါစိတ်တွေပါ ယိုဖိတ်ခဲ့ရပြီမို့ နာကြားခွင့်ရခဲ့သော သြ၀ါဒတရားတော်ကို မိမိ မှတ်မိသလို ပြန်လည် ဝေမျှလိုက်ရပါတော့သည်။
“ International Institute of Abhidhamma အဘိဓမ္မာတက္ကသိုလ် ငါးနှစ်မြောက် ဖွင့်လှစ်သင်ကြားမည့် အဘိဓမ္မာသင်တန်းသို့ အားတက်သရော တက်ရောက်သင်ယူကြမည့် အဘိဓမ္မာ ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းတို့…..။ အဘိဓမ္မာတရားတော်ကို လေ့လာသင်ယူခွင့်ရတယ် ဆိုတာ အင်မတန်မှ ကြီးမားတဲ့ အခွင့်အရေးကြီး ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွင့်အရေးကို လူတိုင်း ရနိုင်တာမဟုတ်လို့ပါပဲ။ ရတဲ့ပုဂ္ဂိုလ်ကို အရေအတွက် အားဖြင့် ကြည့်မယ်ဆိုရင် အင်မတန်မှ နည်းပါးလှပါတယ်။ ကမ္ဘာမှာရှိတဲ့ လူမျိုးတွေ အားလုံးနဲ့ ခြုံပြီးတော့ ပြော ပါ့မယ်။ ဒီယနေ့ သန်းပေါင်း ၅၀၀၀ကျော်ရှိတဲ့ထဲမှာ တစ်သန်းတစ်ဦးတောင် ဒီအခွင့်အရေးကို ရမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် သန်းပေါင်း ၆၀ ခန့်လို့ ခန့်မှန်းပြောတဲ့ မြန်မာနိုင်ငံ လူဦးရေထဲမှာ တစ်သန်းပြည့် အောင်တောင် ဒီအခွင့်အရေးကို ရမှာ မဟုတ်ပါဘူး။
အခွင့်အရေး မရဘူးဆိုတဲ့နေရာမှာ စိတ်ဆန္ဒမရှိလို့ အခွင့်အရေးမရတာလည်းရှိမယ်။ စိတ်ဆန္ဒ ရှိသော်လည်း အခြေအနေမပေးလို့ အခွင့်အရေးမရတာလည်း ရှိမယ်။ ဒီအဘိဓမ္မာသင်ကြားခွင့်ဆိုတဲ့ အခွင့်အရေးကို ရဖို့ဆိုတာ အင်မတန်မှ ကြီးမားတဲ့ဆုလာဘ်ကြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့ အခွင့်အရေးတွေ ဒီလောက် ခက်ခဲနေရသလဲဆိုတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အတိုင်း အကြောင်းအကျိုးညီညွတ်မှ ဆောင်ရွက်နိုင်မှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် ဗမာစကားမှာလည်း ဗုဒ္ဓရဲ့ အဆုံးအမသြ၀ါဒကို ရည်ညွှန်းပြီး ပြောလေ့ရှိကြတယ်။ အကြောင်းညီညွတ်ရင် ဆိုတဲ့ စကားလေး ထည့်ထည့်ပြောလေ့ရှိကြပါတယ်။ အင်မတန်မှ မှန်ကန်တဲ့စကားလေးပေါ့။
အကြောင်းတစ်ခုခု လိုအပ်နေမယ်ဆိုရင် ဘာတစ်ခုမှ လုပ်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ အကြောင်း တရားတွေဟာ အကျိုးတရားတွေကို ထုတ်လုပ်ဖို့ဆိုတာ အကြောင်းတစ်ခုထဲနဲ့တင် မထုတ်လုပ်နိုင်ဘူး။ အကြောင်းပေါင်းများစွာ ညီညွတ်ပေါင်းစုံပြီးမှ ထုတ်နိုင်တယ်။ ကောင်းမြတ်တဲ့ အကြောင်းတရားတွေရဖို့ ကောင်းတဲ့ အကြောင်းတရားတွေကို မိမိသဏ္ဍာန်မှာ ဖြစ်ပေါ်အောင် အခြေအနေတစ်ခု ဖန်တီးပေးဖို့လိုအပ် တယ်ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီအချက်တွေကို အဘိဓမ္မာဒေသနာတော်က အလေးအနက်ထား ဟောပြပေးသွားမှာမို့ အဘိဓမ္မာသင်တန်းကို တက်ရောက်တဲ့အခါမှာ ငါတော့ အဘိဓမ္မာသင်တန်း တက်ရောက် သင်ယူနေတဲ့ ဗုဒ္ဓရဲ့ သားတော်၊ သမီးတော်တွေပီပီ ဒီအချက်တွေကို အလေးအနက်ထားဖို့ လိုလာပြီလို့ ခံယူ ထားပါ။
အဘိဓမ္မာသင်တန်းကို သင်ယူလေ့လာခြင်းအားဖြင့် ဒီအခြေအနေရဲ့ အခြေအနေဆိုင်ရာ အကြောင်း တရားတွေကို နားလည်သဘောပေါက်လာနိုင်မယ်။ ကိုယ့်သဏ္ဍာန်မှာ ကောင်းမြတ်တဲ့ အခြေအနေတွေကို မိမိကိုယ်တိုင်က ဖန်တီးပေးဖို့၊ ဘယ်လိုဖန်တီးပေးနိုင်မလဲ?ဆိုတာ အခုလို ကောင်းမြတ်တဲ့ အခွင့်အရေးကြီး ရနေတာဟာ သင်ကြားလိုတဲ့ဆန္ဒ၊ ဒီနေရာမှာ ambition လို့ခေါ်တဲ့ ကြီးမားလှတဲ့ဆန္ဒကို ပြောတာ။ desire နဲ့ မဟုတ်တော့ဘူး။ သင်ကြားလိုတယ်။ မှတ်သားနာယူလိုတဲ့ဆန္ဒ။ ကြီးမားတဲ့ဆန္ဒကိုပြောချင်တာ။ ဒီနေရာမှာ အာဠါဝကဘီလူးကို မြတ်စွာဘုရားက မေးခွန်းတွေ ဖြေတဲ့ထဲမှာ ပညာရခြင်းအကြောင်းကို ရှင်းပြခဲ့တယ်။ မှန်ကန်တဲ့ အသိဥာဏ်ကို ဖန်တီးပေးနိုင်တဲ့ မှန်ကန်တဲ့ အသိပညာတစ်ခုကို ဘယ်လိုနည်းနဲ့မှ ရနိုင်မလဲဆိုတဲ့ မေးခွန်း..ဒါကို မြတ်စွာဘုရားဖြေကြားတော်မူခဲ့တယ်။(ဆရာတော်ကြီးမှ ပါဠိလိုရွတ်ပြပါတယ်) နောက် ဆက်ရှင်းပြပါတာကတော့ အသိဥာဏ်တံခါးပွင့်ဖို့ဆိုတာ သူများဆီက ကြားနာရမှ အသိဥာဏ်တံခါးပွင့်မှာ ဖြစ်တယ်။
မြတ်စွာဘုရားနဲ့ ပစ္စေကဗုဒ္ဓါလောင်းလျာတို့ ဒီလို ဥာဏ်ကြီးတဲ့ပုဂ္ဂိုလ်နှစ်မျိုးကလွဲပြီး ကျန်တဲ့ပုဂ္ဂိုလ်တွေ ဟာ သင်ကြားရတယ်။ မသင်ရင် မတတ်ဘူး။ မတတ်လို့ ခုလို အဘိဓမ္မာကို သင်ကြားရတယ်။ ဆည်းပူးရတယ်။ လေ့လာရတယ်။ အားတက်သရောသင်ကြရတယ်။ ကိုယ်ဖိရင်ဖိ ဂရုစိုက်ပြီးသင်ပေးနေတာကြားရတော့ အင်မတန် ၀မ်းသာမိပါတယ်။ အဲလိုသင်ယူတဲ့ပုဂ္ဂိုလ်တွေမှာလည်း ကောင်းမြတ်တဲ့ အကျိုးတ၇ားတွေ ရနေတာမို့ ကြိုးစားပြီး သင်ယူကြပါ။ လက်တွေ့အသုံးချနိုင်အောင်လည်း ကြိုးစားကြပါလို့ တိုက်တွန်း လိုပါတယ်။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတောင် ကြားနာရခြင်းမရှိဘူးဆိုရင် အသိဥာဏ်မပွင့်နိုင်ဘူး။ အဲတော့ ကြားနာခွင့် ဟာ အင်မတန်မှ အရေးကြီးပါတယ်။
အသိဥာဏ်ရဖို့
(၁) ကြားနာရမယ်။ အခု အဘိဓမ္မာသင်တန်းမှာ အဘိဓမ္မာဆိုင်ရာ စကားလုံးတွေ၊ ဝေါဟာရတွေ နာကြားခွင့်ရတယ်။ ဒီတင်ပဲရပ်ထားလို့မရဘူး။
(၂) မှတ်သားထားရမယ်။ နုတ်နဲ့လေ့ကျင့်ရမယ်။ မပြတ်ရွတ်ဖတ်နေရမယ်။ နုတ်တက်မရပြန်ရင်လည်း သိပ်ပြီး အသုံးမ၀င်တတ်ဘူး။
(၃) စိတ်ထဲက အဖန်ဖန် သုံးသပ်ရမယ်။
(၄) အသိအမြင်အနှစ်သာရထိ ထိုးဖောက်သိမြင်အောင် လုပ်ရမယ်။
ဒီအချက်တွေပြည့်စုံမှ သင်ကြားမှုလမ်းဆုံးပါတယ်။ အခုခေတ်မှာတော့ အဲလိုမဟုတ်ဘူး။ သင်ကြားမှုက စာမေးပွဲ အောင်စာရင်းမှာ လမ်းဆုံးတယ်။ တကယ်တော့ စာမေးပွဲဖြေဆိုနိုင်တယ်ဆိုတာ “ကျက်တိုး”ပဲ။ အများစုကိုပြောတာနော်။ အကုန်လုံးကို မပြောဘူး။ ဒါတွေ မေးတတ်တယ်။ ကျက်ထား..ကျက်ထားဆိုပြီး ပါတော့ ဖြေနိုင်တယ်။ ဒါ ကျက်တိုးပဲ။ လက်မှတ်တွေမှာ လမ်းဆုံးသွားတယ်။ တကယ့်လက်တွေ့ပိုင်း အသုံးချမှု က အရေးကြီးတာ။
အဲတော့ ပညာဆိုသည်မှာ ကြားရတဲ့အပေါ် ဆင်ခြင်သုံးသပ်နိုင်တဲ့ စွမ်းအားကို ဆိုလိုတာ။ ပညာရဖို့ နာကြားမှုက သိပ်အရေးကြီးတယ်။ ကြားနာမှုအပေါ် အဖန်ဖန်သုံးသပ်ပြီး အသေးစိတ်ကို ဘက်ပေါင်းစုံကနေ ပိုင်းပိုင်းခြားခြား၊ ထိုးထွင်းသိတာမျိုး။ လုံးသိမဟုတ်ဘူး။ ခွဲခြားသိကိုဆိုလိုတာ။ အဲသည်လို ပညာရဖို့အတွက် အရေးကြီးတာက ပညာသင်ကြားလိုတဲ့စိတ်။ မြတ်စွာဘုရားကိုယ်တိုင်က ဖြေထားတာ။ ဒါဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကြားနာလိုမှုကနေ ကြားနာရတဲ့ အချက်အလက်တွေ၊ ကြားနာရတဲ့ တရားတော်တွေ၊ ကြားနာရတဲ့ မြတ်ဗုဒ္ဓအဆုံးအမတွေကို ကိုယ့်သဏ္ဍာန်မှာ ကိန်းအောင် လိုက်နာနိုင်မှ ပညာဥာဏ်တွေ တိုးပွား လာမယ်။ အသိဥာဏ်တွေတိုးလာမယ်။
ဒါဖြင့် ပညာဆိုတာ ဘာအတွက်လဲ။ တကယ့်အနှစ်သာရ၊ လုပ်သင့်တာ၊ မလုပ်သင့်တာ၊ အကျိုးရှိတာ၊ မရှိတာ ခွဲခြားသိရှိတာကိုခေါ်တယ်။ အနက်ထိသိအောင် လုပ်ရမယ်။ အနက်ဆိုတာ အနှစ်ချုပ်။ ဘ၀ရဲ့ အနှစ်သာရကို ဥာဏ်နဲ့သိအောင်လုပ်ရမယ်။ နက်နဲတဲ့အသိ၊ အသိဥာဏ်နဲ့မှ သိနိုင်တာကို အနက်လို့ ခေါ်တာ ဖြစ်တယ်။ ဥပမာ သစ်ပင်တစ်ပင်ကိုမြင်ရင် သစ်ပင်လို့ပဲသိတယ်။ လေ့လာထားမယ်ဆိုရင် ဒီသစ်ပင်ဟာ ဘာအသုံးဝင်တယ်။ ဘယ်အတွက် အသုံးကျလဲ။ အမြစ်ကဘယ်လိုရှိတယ်။ အပင်က ဘယ်လိုဖြစ်လာတယ်ဆို တာကစ အသေးစိတ်သိတာ။ အဲဒါကို အနက်လို့ခေါ်တာပဲ။ ပရမတ္ထတိုတဲ့နေရာမှာလည်း ပရမတ် အတ္ထ။ အဲဒါသိရမယ့်အချက်တွေ။ ပညာနဲ့မှ သိနိုင်တဲ့အချက်…( ပါဠိလိုရွတ်ပါတယ်)…ဆိုတဲ့အတိုင်း အလေးအနက် ထား စဉ်းစားနိုင်မှ ပညာဆိုတာရမယ်။ အဲလိုပဲ အခြေခံဆိုတာ အလွန်အရေးကြီးပါတယ်။ ကလေးတွေ ပညာစသင်ချိန်ဟာ အရေးကြီးဆုံးဖြစ်သလို အခြေခံကောင်းဖို့ကလည်း အဓိကကျပါတယ်။ အခြေခံမပါပဲ လုပ်နေတာဟာ ယာဉ်စည်းကမ်းမသိပဲ ယာဉ်မောင်းနေတာနဲ့ တူတူပဲ။ လမ်းစည်းကမ်းမသိပဲ ရမ်းမောင်းတော့ accident တွေ မကြာခဏဖြစ်ကြရသလိုပေါ့။ ဒါ့ကြောင့် အခြေခံလည်း ပိုင်နိုင်အောင် ကြိုးစားကြရမယ်။
ခု ဒီ “ International Institute of Abhidhamma” လို့ပြောတာက အင်္ဂလိပ်လိုသင်လို့ international ဖြစ်ပြီလို့တော့ မထင်လိုက်နဲ့ဦး။ အင်္ဂလိပ်ဘာသာတစ်ခုထဲနဲ့ international မဖြစ်နိုင်ဘူးလို့ သိထားပါ။ ဂျာမနီနိုင်ငံသွားတဲ့အခါ အင်္ဂလိပ်ဘာသာ မပြောတဲ့နေရာတွေ အများကြီးရှိတယ်နော်။ ဒီအင်္ဂလိပ်က အသုံးလွယ်လို့ international ဖြစ်တာ။ တစ်ယောက်လည်း You ၊ နှစ်ယောက်လည်း You…လွယ်လွယ်နဲ့ သင်လို့ရတယ်။ ဥပမာ concentration လို့ပြောလိုက်ရင် အဘိဓမ္မာနဲ့ ဆက်စပ်နေတဲ့သူက သမာဓိလို့ နားလည် ပေမယ့် မဆက်စပ်တဲ့လူက ဘာဆိုလိုချင်မှန်းသိမှာမဟုတ်ဘူးနော်။ အဲတော့ ပြည့်စုံအောင် နားလည်အောင်လို့ mental concentration လို့ ပြောမှ ဘာဆိုလိုတယ်ဆိုတာ နားလည်နိုင်မယ်။ ထားတော့။ ပြောချင်တာက ဘာသာစကားတိုင်းမှာ အားနည်းချက်တွေရှိပါတယ်။
မြတ်စွာဘုရားဟောတဲ့ ဘာသာစကား ပါဠိဘာသာမှသာ ပြည့်စုံတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ ပါဠိစကား လုံးလေးတွေ၊ အဘိဓမ္မာဆိုင်ရာ စကားလေးတွေကိုမှတ်သားခွင့်ရတာတင်ပဲ တန်ဖိုးရှိပါပြီ။ ဒါနဲ့တင် ကျေနပ်မနေပဲ အနှစ်သာရပိုင်းအထိရောက်အောင် သွားကြပါလို့ တိုက်တွန်းလိုပါတယ်။ မြတ်စွာဘုရား ဟောကြားတဲ့တရားထဲမှာ ဓမ္မနဲ့အဘိဓမ္မဆိုပြီးရှိတယ်။ သုတ္တန်တရားဟာ ပုဂ္ဂိုလ်ကို ဦးတည်ဟောတာဖြစ်တယ်။ ပုဂ္ဂလဓိဋ္ဌါန်တရားတွေများတယ်။ အဘိဓမ္မာမှာတော့ ဓမ္မဓိဋ္ဌါန်ဟောတာများပါတယ်။ ဥပမာ လောဘကြီး တဲ့သူဟာ အကြောင်းအကျိုးမသိဘူးလို့ ဟောတယ်။ ဒါက လောဘကြီးတဲ့သူလို့ဆိုထားတော့ ပုဂ္ဂိုလ်ကို ဦးတည်ပြောတာဖြစ်တယ်။ သုတ္တန်တရားဆိုတာ အဲလိုဟောတာများတယ်။ လူကို သုံးသပ်ပြီး ဟောလေ့ရှိတယ်။ အဘိဓမ္မာတရားမှာကျ အဲလိုမဟောတော့ဘူး။ လောဘဆိုတဲ့တရားသည် အကြောင်းကို မမြင်ဘူး။ အကျိုးကိုမမြင်ဘူး။ အကြောင်းအကျိုးကို မမြင်ဘူးဆိုတာ လောဘဆိုတဲ့တရားသည် ပညာကို အားပျော့သွားစေနိုင်တယ်လို့ ဆိုလိုတာ။ ပညာကို ဒုက္ခပေးတာတော့မဟုတ်ဘူး။ ဥပမာ မျက်လုံးလည်းကောင်း တယ်။ မြင်စရာတွေလည်းမြင်ရတယ်။ သို့သော် ဒီကြားထဲမှာ အမှောင်ကွယ်လိုက်တယ်။ အမှောင်သည် မျက်လုံးကို ဖျက်ဆီးတာတော့မဟုတ်ဘူး။ မြင်စရာအာရုံတစ်ခုကို ဖျက်ဆီးတာလည်းမဟုတ်ဘူး။ သို့သော် သူ့ရဲ့ အနှောက်အယှက်ကြောင့် မြင်စရာတွေကို ရှင်းလင်းစွာမမြင်ရဘူး။ ခုလည်း လောဘဆိုတဲ့သဘောဟာ အဲဒီလိုပဲ လောဘသည် အသိဥာဏ်ကို အားပျော့သွားအောင်လုပ်တယ်လို့ပြောတယ်။ အဲတော့ အဘိဓမ္မာက သဘာဝတရားတွေ တစ်ခုနဲ့ တစ်ခု ဖြစ်ပေါ်လာတဲ့အခြေအနေကို သဘာဝတရားတွေရဲ့ လုပ်ဆောင်မှုတွေကို ပေါ်လွင်ထင်ရှားအောင်သင်တာပဲ။ လောဘသည် အကြောင်းနဲ့ အကျိုးကိုမမြင်ဘူး။ ပညာရဲ့အားကို ပျော့သွား စေတယ်ဆိုတဲ့ သဘာဝတရားသက်သက်ရဲ့ သဘောသဘာဝကို ဟောတာဖြစ်တယ်။ သုတ္တန်ကျ လောဘကြီးသူဆိုတော့ ပုဂ္ဂိုလ်ဖြစ်သွားပြီ။
ဒါကြောင့် သုတ္တန်တရားနဲ့ အဘိဓမ္မာ သဘာဝတရားကိုဟောတာခြင်းတော့တူတယ်။ ဒါပေမယ့် ဟောတဲ့အခြင်းအရာခြင်းတော့မတူဘူး။ ဓမ္မကိုသုံးသပ်ပြီးဟောတာ အဘိဓမ္မာ၊ ပုဂ္ဂိုလ်ကိုသုံးသပ်ပြီးဟောတာ သုတ္တန်။ မတူဘူး။ ဒီနှစ်ခုဟာ သဘာဝခြင်းတူတယ်။ သို့သော် အဘိဓမ္မာဟောတဲ့အခါ ပုဂ္ဂိုလ်ကိုမေ့ထား ဖျောက်ထားပြီး သဘာဝတရားတွေရဲ့အကျိုးပြုမှုသက်သက်ကို ဟောတာမို့ ချစ်စရာ၊မုန်းစရာပုဂ္ဂိုလ်ကိုဖယ်ရှား ပြီးဟောလို့ နာမရူပ ပရိစ္ဆေဒဆိုတဲ့ ဥာဏ်ကို အကျိုးပြုပါတယ်။ အဲဒီလိုအကျိုးပြုတဲ့အခါ အဘိဓမ္မာ(၇)ကျမ်းမှာ ပါတဲ့ ပဋ္ဌါန်းကျမ်းမှာ သဘာဝတရားတွေ အချင်းချင်း ဖြစ်ပေါ်ဖန်တီးနေတဲ့ အကြောင်းအကျိုးဆက်စပ်တာ နားလည်ရင် ပစ္စယပရိဂ္ဂဟဥာဏ်ကိုရစေနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် ဖန်ဆင်းရှင်ဆိုတာမရှိဘူး။ ဆိုတာ နားလည်လက်ခံသွားမယ်။ အဟေတုကဒိဋ္ဌိကို ဖယ်ရှားနိုင် မယ်။ ခုပြောတဲ့ နာမရူပပရိစ္ဆေဒဥာဏ်နဲ့ ပစ္စယပရိဂ္ဂဟဥာဏ်နှစ်ဥာဏ်ရပြီဆိုရင် အထက် ၀ိပဿနာဥာဏ်တွေ ကို မတက်နိုင်သေးဦးတော့ အတော်အသင့် လူဖြစ်ရကျိုးနပ်ပြီလို့ ပြောလို့ရပြီနော်။ ဖန်ဆင်းရှင်ကြောင့် ဒါတွေ ဖြစ်ပေါ်နေတာမဟုတ်ဘူး။ အကြောင်းကြောင့်အကျိုးတွေဖြစ်နေရတယ်ဆိုတဲ့ သဘာဝတရားသက်သက်ကို နားလည်လက်ခံသွားနိုင်လို့ သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့အမြင်ကို ရစေဖို့ ဟောဒီ အဘိဓမ္မာသင်တန်းကနေ ရအောင်ယူကြပါလို့ ဘုန်းကြီးအနေနဲ့ တိုက်တွန်းရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။”
သာဓု…သာဓု…သာဓု။

ဆရာတော်ကြီး၏ သြ၀ါဒတရားအား မိမိနာကြားခဲ့ရသည့်အတိုင်း ပြန်လည်ဝေမျှလိုက်ပါသည်။ ပါဠိလို ဟောပြချက်များကိုတော့ မမှတ်နိုင်သောကြောင့် ချန်လှပ်ထားခဲ့ပါသည်။
စာဖတ်သူများအနေဖြင့်လည်း အဘိဓမ္မာတရားတော်များကို လေ့လာမှတ်သားနိုင်ကြပါစေ။ မှတ်သားထားတဲ့ အတိုင်းလည်း လက်တွေ့မှာ အသုံးချနိုင်ကြလို့ ကောင်းကျိုးလိုရာဆန္ဒတို့ပြည့်ဝကာ ငြိမ်းအေးသော ဘ၀ပိုင်ရှင် များဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတော့သည်။

စောသဇင်(မန္တလေး)

မျိုးစေ့မှန်မှ အပင်သန်မည်

တစ်နှစ်တစ်နှစ် နွေကျောင်းပိတ်ပြီဆိုတာနဲ့ ကျွန်မမှာ ခေါင်းစားရပါ ပြီ။ ဘာလို့ပါလိမ့်ဆိုရင်တော့ ကလေးတွေအတွက်ပဲပေါ့။ နွေကျောင်းပိတ်ရက် က မတ်လကနေ မေလထိဆိုတော့ သုံးလတောင်ပါပဲ။ အင်း…ဒီသုံးလအတွင်း သူတို့တွေကို ပညာလည်းရစေချင်၊ ကစားတာလည်း မပျက်စေချင်၊ နောက်ပြီး လိမ္မာယဉ်ကျေးဖို့အတွက်ကလည်း သိသင့် သိထိုက်တာလေးတွေကို ဆုံးမ ပြုပြင်ပေးဖို့ လိုအပ်လာပါတယ်။ ခက်တာက ဆိုဆုံးမပေးမယ့် မိဘတွေဖက်က သားသမီးအတွက် အချိန်မပေးနိုင်ကြတာပါပဲ။ ဒါလည်း ခေတ်အခါအရ မိဘ များအနေနဲ့ သားသမီးများကို အဆင့်မြင့်သည်ထက် မြင့်စေဖို့ ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ရှာရ ၊ ဖွေရနဲ့က သူတို့ခမျာလည်း အားရ၊ နားရတယ်လို့ မရှိရှာပါလေ။
အင်း….မိဘတိုင်းက ကိုယ့်သားသမီးကိုတော့ဖြင့် သူများထက် ပိုပြီး လိမ္မာရေးခြားရှိတာကို မြင်ချင်ကြတာချည်းပါပဲ။ မိဘ၊ ဆရာ၊ လူကြီး သူမတွေ ကို ရိုသေရကောင်းမှန်း နားလည်စေချင်ကြပါတယ်။ ဘယ်မိဘကများ ကိုယ့် သားသမီးကို ရိုင်းစိုင်းတဲ့ သားသမီးတွေ အနေနဲ့ မြင်ချင်ကြပါ့မလဲနော်။ အင်း ခက်တာက အဲလို မမြင်ချင်ဘူးဆိုရင်တော့ မမြင်ချင်တာ မမြင်ရအောင်တော့ ဆုံးမသွန်သင်ရမယ်လေ။ လူတော် လူကောင်း ဖြစ်စေဖို့ ဆိုတဲ့နေရာမှာ တော်ဖို့ကတော့ ကြိုးစားရင် လူတော်တစ်ယောက် တန်းဖြစ်သွားနိုင်ပေမယ့် ကောင်းဖို့ဆိုတာမှာတော့ အခြေခံမပါရင် မဖြစ်နိုင်ပါဘူးနော်။ လူကောင်း တစ်ယောက်ဖြစ်စေဖို့အတွက် ဘာက အရေးကြီးဆုံးလဲလို့ မေးရင်တော့ ဘာသာရေး အခြေခံကောင်း မျိုးစေ့ချပေးဖို့ပဲ လို့ ဖြေရပါလိမ့်မယ်။
ဒီတော့ အဓိက ကျသော ဘာသာ၊ သာသနာ အဆုံးအမတို့ကို စိတ် ၀ယ် စွဲစေမှသာ မလုပ်သင့်တဲ့ မကောင်းမှု အကုသိုလ် အလုပ်ကို ရှောင်တတ် သွားမယ်။ လုပ်သင့်တဲ့ ကောင်းမှုကုသိုလ်အလုပ်တွေကို တိုးပွား လုပ်ဆောင် တတ်သွားမယ်လေ။ ဒါဆို မိဘ ဆရာတွေက နေရာတကာလိုက်ပါနေစရာ မလိုတော့ပါဘူး။ အဲလိုဖြစ်ဖို့ကျတော့ ကလေးတွေရဲ့ အသိစိတ်ထဲမှာ မကောင်းမှုဆို ရှောင်တတ်တဲ့ ဘရိတ်လေးနဲ့ ကောင်းမှုဆိုဆောင်ထား တတ် တဲ့ အသိလေးတွေ ထည့်ပေးနိုင်ဖို့သာ ကြိုးစားရတော့မယ်လေ။
ကလေးတို့ရဲ့ အနာဂါတ်ဘ၀မှာ အန္တရာယ်ကင်းစွာ အပြစ်ကင်းစွာ ရှင်သန်နေထိုင်သွားနိုင်ရေးအတွက်ဆိုတဲ့ ဘ၀လမ်းတလျှောက် ဖြောင့်ဖြူး စေဖို့နဲ့ လူဖြစ်ရကျိုးနပ်သော သားကောင်းရတနာ ၊ သမီးကောင်းအလိမ္မာတွေ ဖြစ်လာစေဖို့ အတွက် သွန်သင်ဆုံးမ သင်ကြားပေးနေသော သင်တန်းလေး များရှိရင် စုံစမ်းလို့ အမြန်ဆုံး အပ်နှံရပေတော့မယ်။
“ကလင်…ကလင်…ကလင်”
“သူငယ်ချင်းရေ …ဘာတဲ့လဲ။ ငါ စုံစမ်းခိုင်းထားလေး သိရပြီလား”
“အေးဟ နင်တော့ ကံကောင်းတာပဲ။ ရေတံခွန်တောင်ခြေမှာ တည်ရှိ တဲ့သစ္စဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင်ရိပ်သာမှာလေ။ ဆရာတော် ဘဒ္ဒ န္တ ခေမာစာရ ဦးစီးလို့ နွေရာသီ ကျောင်းပိတ်ရက်မှာ ကလေး လူငယ်တွေ အတွက် ယဉ်ကျေးလိမ္မာ သင်တန်းတွေ ဖွင့်ပြီး သင်ပြပေးနေတယ်။ ခုကစပြီး စာရင်းလက်ခံပြီတဲ့။ နင့်ကလေးတွေကို စိတ်ချရအောင် စာရင်းအရင် သွားပေး ပြီး အပ်နှံလို့ရနေပြီလေ။ ငါနဲ့ နီးစပ်ရာက ကလေးတွေလည်း သတင်းပေးရဦး မယ်။”
“အော် ဒါနဲ့ ဘယ်နေ့စမှာတဲ့လဲ”

“ခုမတ်လ ၁၂ ရက်နေ့ကစမှာပဲ။ သင်တန်းကာလကတော့ ၂၂ ရက်ကြာမယ်ဟ။ ခုချိန်လောက်ကတည်းက အမြန်ဆုံး စာရင်းသွင်းအပ်နှံထားမှ တော်ကာကျမယ်သူငယ်ချင်း။ အကယ်လို့ မေးမြန်းစုံစမ်းချင်ရင် ဖုန်းနံပါတ်လေး ပေးထားလိုက်မယ်။ နင်မှတ်ထားလိုက်။ ၀၉-၂၀၂၅၀၀၁၊ ၀၉-၄၉၂၂၂၁၃၃၊ ၀၂-၅၇၅၄၉။ အိုကေလား။ အဲဒါလေး နင်ဝမ်းသာရအောင် လှမ်းဖုန်းဆက်လိုက်တာပါ။ ဒါပဲနော်။”

“အေးပါ သူငယ်ချင်းရေ …ကျေးဇူးပါပဲ”။
ဝူး ….ခုမှပဲ ရင်ထဲက အလုံးကြီး ကျသွားပါပြီ။ နွေရာသီကျောင်းပိတ် ရက်မှာ အကျိုးရှိစွာ ဖြတ်သန်းရတော့မည့် ကလေးများအတွက် ကြည်နူးပီတိ ဖြစ်မိပါတယ်။ အင်း…ပို့ပေးရမယ့် ကလေးတွေကို ရေတွက်လိုက်တော့ အယောက်နှစ်ဆယ်ကျော် သုံးဆယ်လောက်တောင် ရှိပါလား။ အင်းပေါ့လေ။ ၀မ်းနဲ့လွယ်လို့ မွေးထားတဲ့ အမေတွေ အတွက်က တစ်ယောက် ၊ နှစ်ယောက် စာပဲ ပူရမှာလေ။ ငါကတော့ ကလေးပေါင်းများစွာကို ပညာသင်ကြားပေး နေတဲ့ ဆရာမ တစ်ယောက်ပဲလေ။ ၀မ်းနဲ့ မလွယ်၊ ရင်နဲ့လွယ်ပြီး မွေးထား ရတဲ့ တပည့်တွေဆိုရင် မမှားပါဘူးနော်။ မိဘဖြစ်သူတွေကတောင် ကျွန်မ လောက် ပူပါလိမ့်မလားပဲ။
ခုတော့ စိတ်အေးသွားပါပြီ။ ကလေးတွေအားလုံးကို စာရင်းကြိုသွင်း ခိုင်းလို့ လိုက်လံ အပ်နှံပေးနေရပါပြီ။ သင်တန်းကာလက နှစ်ဆယ့်နှစ်ရက်ဆို တော့ တော်တော်လေးကို ပုံစံကျသွားမှာပါ။ အင်း..အပ်ရင်းနဲ့တောင် စိတ်မှာ ပီတိဖြစ်ရပါပြီလေ။ မြန်မာလူမျိုး အမျိုးကောင်းသား၊ အမျိုးကောင်းသမီးလေး များ ဖြစ်လာတော့မည့် ၊ ယဉ်ကျေးလိမ္မာပြီး စိတ်ဓါတ်ရော စာရိတ္တပိုင်းတွင်ပါ ကောင်းမွန်ကြံ့ခိုင်လာတော့မည့် လူတော်လူကောင်း ကလေးများ အတွက် ဂုဏ်ယူမိရင်း…..မှတ်တမ်းဓါတ်ပုံလေးများပါ ရိုက်ကူးရင်း…..အားလုံးကိုလည်း ပြန်လည် ဝေမျှလို့ သတင်းကောင်းလေးပေးလိုက်ရပါတော့သည်။

ပုဂ္ဂိုလ်ခင်မှ တရားမင်မယ်

ဒီအကြောင်းလေး ရေးချင်နေတာကြာပြီရယ်။

ခဏခဏ စဉ်းစားမိနေတာလေးမို့ပါ။

အဲဒါကတော့ “ ရေစက် ” ဆိုတာလေးပေါ့။

ကျနော် လမ်းသွားရင်း စဉ်းစားမိတယ်။ လမ်းမှာ တွေ့တွေ့နေရတဲ့လူတွေ နေ့စဉ်တိုင်းမှာပေါ့။ မတူတဲ့လူတွေ အများကြီးနော်။

အဲလိုလူတွေအများကြီးထဲက အသိတစ်ယောက်ယောက်နဲ့ တွေ့ရင် ရယ်ပြရတာနဲ့ နုတ်ဆက်ရတာနဲ့နော်။ အဲတော့ စဉ်းစားမိတယ်။ ဒီလူတွေနဲ့တော့သိပြီး ကျန်တဲ့လူအများကြီးတွေနဲ့တော့ မသိဘူးပေါ့။ တစ်ခါတလေကျ ကိုယ့်ရပ်ကွက်ထဲ နေတဲ့သူပေမယ့် သိတော့သိပေမယ့် ဘာသိဘာသာပဲနော်။ ခင်တာတွေဘာတွေ သိပ်မဖြစ်မိပါဘူး။ ဟော တခါတခါကျပြန် တော့လည်း ဟိုး တနံတလျားက လူတွေနဲ့ကျ ကိုယ့်ဆွေမျိုးတွေလို ညီမတွေလို ခင်ချင်ခင်နေပြန်ပါရော။ ဒါဘာကြောင့်လဲ လို့ စမ်းစစ်လိုက်တော့ အော် အတိတ်အတိတ်တွေက ဆုံခဲ့ဖူးတဲ့ အကြောင်းတရားတွေပါလာခဲ့လို့ပါလားလို့ တွေးမိလာပါ တယ်။ အတိတ်အကြောင်းတွေဆုံတော့ ကြုံရဆုံရ ခင်ကြမင်ကြရတယ်။ အတိတ်အကြောင်းတွေ ကုန်တော့ အကြောင်းအမျိုးမျိုးတွေကြောင့် ခွဲရပြန်ရော။ တခါတလေ အရမ်းခင်ပါရက်နဲ့ မခွဲချင်ပဲ ခွဲရတာလည်းရှိသလို အမြင်ကတ်ပါရက်နဲ့  ရေစက်ကြီးလွန်းနေတာတွေလည်း မရှိဘူးလားလေနော်။ အင်း တော်တော်တော့လည်း ထူးဆန်းပါပေ့။         တဆက်ထဲလည်း တရားတစ်ပုဒ်နာဖူးတာလေး အမှတ်ရမိပါတယ်။ “ ပုဂ္ဂိုလ်ခင်မှ တရားမင်တဲ့”။ အဲတရားထဲမှာတော့ ဘိက္ခူနီမ (၅၀၀) ကို တရားဟောကြတဲ့အပေါ် အခြေခံပြီး ဟောထားတာပါ။ ဘုရားရှင်လက်ထက်က ဘိက္ခူနီမ(၅၀၀)ကို တရားပွဲမှာ တရားဟောကြတော့ တကယ့် ဧတဒဂ်ဘွဲ့ရ အကျော်အမော်ဆရာတော်တွေ တစ်ရက်ကို တစ်ပါးစီ ဟောပါသော်လည်း ဒီဘိက္ခူနီမတွေမှာက အိပ်ငိုက်တဲ့လူကငိုက်၊  စိတ်မပါတဲ့လူကမပါနဲ့ အမျိုးမျိုးတွေကို ဖြစ်လို့။ နောက်ဆုံးဟောမယ့် အရှင်နန္ဒအလှည့်လည်းရောက်ရော ဟော သူတို့တွေအားလုံး အားတက်သရောဖြစ်နေကြတယ်တဲ့။ ဘာလို့လဲဆိုတော့ အတိတ်က အကြောင်းတွေက ပါလာခဲ့ပြီးသားကိုး။ အင်း ဒီဘိက္ခူနီမတွေနဲ့က အတိတ်ဘ၀ပေါင်းများစွာ ကတည်းက ရေစက်ရှိလာပြီးသားကိုး။ ဒါကြောင့် သူ့ကို အားလုံးက မျှော်လင့်နေကြတာပေါ့။

ဒါကို မသိသူများ အထင်လွဲစရာဖြစ်မယ်ဆိုပြီး မကြွဘဲ နေပါတယ်တဲ့။ ဒါကို ဘိက္ခူနီမတွေက ဘုရားထံလျှောက်ထားတော့မှ ဘုရားရှင်က ကြွဖို့ပြောမှသာ ကြွပါတယ်တဲ့နော်။ အရှင်နန္ဒလည်းကြွလာတာမြင်ရော ဒီဘိက္ခူနီမ(၅၀၀)ရဲ့စိတ်ထဲ မိမိတို့ရဲ့ မောင်လေးလို၊ အကိုကြီးလို၊ ဦးလေးလို စသဖြင့်ပေါ့ ကိုယ်နဲ့ ရင်းနှီးသူတစ်ယောက် ကွဲကွာပြီးလို့ အခုမှပြန်တွေ့ရသလို အားလုံးစိတ်ထဲမှာ နှစ်လိုပျော်ရွှင်ပြီး ပီတိတွေဖြစ်လို့ပဲတဲ့။ ဒါမျိုးတွေက လုပ်ယူလို့ မရဘူးလေနော်။ သူတို့အားလုံး ၀မ်းမြောက်စွာနဲ့ အရှင်နန္ဒကကို ကြိုဆိုကြတယ်တဲ့။ ပြီးတော့ အရှင်နန္ဒကဟောတဲ့တရားကို လေးနက်ဝမ်းမြောက်စွာ နာယူကြတာမို့ တ၇ားပွဲလည်းပြီးရော အားလုံးဟာ အရိယာတွေ ဖြစ်ကုန်ကြတယ်တဲ့နော်။ တကယ်တော့ အရှင်နန္ဒကဟောသလိုပဲ ရှေ့က ဆရာတော်တွေလည်း ဟောခဲ့တာပါပဲ။ သို့သော် ခံယူပုံခြင်းကွားသွားတာ ပေါ့။ ဒါသည် ပုဂ္ဂိုလ်ခင်မှ တရားမင်မယ်ဆိုတာ ပြတာပါပဲ။

ဓမ္မရှုဒေါင့်က ဝေဖန်ရသော် ပုဂ္ဂိုလ်ကို ခင်မင်ခြင်းသည် တကယ်တော့ ရာဂအရင်းခံတဲ့ အကုသိုလ်စိတ်နော်။ ဟိုလူဟောမှ ဒီလူဟောမှဆိုတဲ့ ရွေးချယ်ချက်တွေနဲ့ အစွဲတွေပေါ့။ ဒါတွေသည် တကယ်တော့ အကုသိုလ်တရားတွေပါပဲ။ ဒီအကုသိုလ်တရား ရာဂတရားသည်ပင် နောက်နောက် ကုသိုလ်တွေ ဆပွားတိုးလုပ်ဖြစ်စေဖို့ အားကြီးသော မှီရာ အထောက်အပံ့အဖြစ် အကျိုးပြုနေပါလားဆိုတဲ့ ဥပနိဿယသတ္တိထူးတွေကိုပါ ချိတ်ဆက်မြင်ခွင့်ရလာခဲ့ပါပြီ။ “ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော”။  အော် နေရာတိုင်းမှာ ပဋ္ဌါန်းဆက်နေတယ်ဆိုတာ တကယ်တော့ ပစ္စည်းတရားတွေရဲ့ အကြောင်းကြောင့် အကျိုးတရားတွေ ကွင်းဆက်သွားတာကို ပဋ္ဌါန်းဆက်တယ်ဆိုပါလားလို့ ခုမှ နားလည်သဘောပေါက်လာရပါပြီ။

အင်းဒါကြောင့်ပဲ ဒီဘ၀ဒီခန္ဓာနဲ့ ဒီပတ်ဝန်းကျင် ဒီအသိုင်းအ၀ိုင်း ဒီလုပ်ဖော်ကိုင်ဖက်တွေ ဆုံဆည်းကြရာဝယ် ဟိုးအတိတ်အတိတ်တွေတုန်းက ပါလာခဲ့တဲ့ အကြောင်းတ၇ားတွေရဲ့ အားကြီးသော အထောက်အပံ့အဖြစ် ကျေးဇူးပြုလို့သာ တို့တွေဆုံကြရတယ်။ အဲလိုဆုံကြတဲ့အခါ အရင့်အရင်က ကိုယ့်ဖက်က ပေးဆပ်စရာရှိနေသေးရင်လည်း ဆိုင်ရာ အကြွေးတွေကို ဆပ်နေကြရပြန်တယ်။ ကိုယ်ယူထားတုန်းကပြုံးပြုံးနဲ့ယူထားပြီးမှ ပြန်လည်ပေးဆပ်ရတဲ့အခါ ရှောင်ချင်လို့ ရော ရပါဦးမလားနော်။ အားလုံးဟာ တနည်းပြောရင် အကြွေးရှင်နဲ့ အကြွေးဆပ်သူတွေလည်ထွက်နေကြသလိုပဲ မြင်လာရ တာမို့ အင်း အကြွေးဆပ်ကြတဲ့အခါ အတိုးအနေနဲ့ စေတနာလေးဆောင်းလို့သာ ဆပ်နိုင်ကြပါစေလို့ ဆန္ဒပြုမိရင်း ဒီနေ့ဆက်စပ်အတွေးလေးကို ဒီမှာပဲ ရုပ်သိမ်းလိုက်ရပါတော့သည်။

အဲ တစ်ခုတော့သတိပေးလိုက်ပါရစေဦး။ ပုဂ္ဂိုလ်ခင်ရာမှ တရားမင်သူတွေပဲဖြစ်ပါစေနော်။ ပုဂ္ဂိုလ်ခင်ရာမှ ပုဂ္ဂိုလ်မင်သူများ မဖြစ်ဖို့လည်း အရေးကြီးတယ်ဆိုတာလေး သတိချပ်စေချင်လို့….။ အဲလိုဆိုရင်တော့ အကုသိုလ် to အကုသိုလ်ခရီးဆက်တော့မှာမို့…။

စောသဇင်(မန္တလေး)

မဂ္ဂင်ငါးပါးမှသည် ရှစ်ပါးဆီသို့

ဟိုနေ့က မိသားစုငါးယောက်နေတဲ့ ခန္ဓာအိမ်အကြောင်းလေးထဲမှာ တို့တွေ အရင်ကသိထားတာသည်  ပညတ်(အခေါ်အပြော) မျှသာဖြစ်ပြီး တကယ့်အရှိတရားတွေ ကတော့ ခန္ဓာ(၅)ပါး ရုပ်နာမ်တရား တွေပဲလို့ ဆိုတာလေး ပြောဖြစ်ပြီးသွားပြီနော်။ ဒီနေ့ အဲကဆက်ကြမယ်ဆိုတော့….အဲဒီခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး (စိတ်၊ စေတသိက်၊ ရုပ်)ထဲကိုမှ နိဗ္ဗာန်လေးပါ ပေါင်းထည့်လိုက်ပါ။ ဒါဆို တကယ့် အရှိတရား(၄)ပါး ရှိမယ်။ စိတ် – စေတသိတ် – ရုပ် – နိဗ္ဗာန် ဆိုတာ ပါပဲ။ အဲဒီထဲက ရှေ့(၃)ခုကို သိသွားပြီပေါ့။ အဲဒီ ရှေ့(၃)ခုပေါင်းရင် ရုပ်နဲ့ နာမ် ပဲ ရှိတယ်နော်။ ဒီရုပ်ရော နာမ်ရောဟာ တည်မြဲနေသလား ? ။ ဖြစ်ပြီး ပျက်နေ သလားဆိုတော့စက္ကန့်မလပ်ဖြစ်ပြီး ပျက်နေပါတယ်။ ရုပ်ဟာ ဘယ်လောက်ထိ ပျက်သလဲဆိုရင် ၁ စက္ကန့် ကို ကုဋေ ၅၀၀၀ ကျော် ပျက်စီးပါတယ်တဲ့။ နာမ်ကတော့ ၁ စက္ကန့်ကို ကုဋေ တစ်သိန်းတောင် ပျက်စီးပါတယ်ဆိုပါလား။ ဒါ ဘယ်လိုသိလဲဆိုတော့ ဘုရားရဲ့ ဉာဏ်တော်နဲ့ မြင်ပြီး ဟောခဲ့လို့သာ သိခွင့် ရတယ်လို့ မှတ်ပါ။

ဒါဆို ကျနော်တို့က ဒါတွေကို အရင်က မသိခဲ့ဘူး။ ခု သိလိုက်ရပြီ။ ဒါဆို “ သမ္မာ ဒိဋ္ဌိ ” အမြင်မှန် တွေရလာပြီလို့  မှတ်လိုက်ပါလေ။ အဲဒီလို အမှန်ကိုမြင်လို့ အမြင်မှန်တွေရပြီး မှန်ကန်စွာ တွေးကြံနိုင်လာ တာကိုပဲ“ သမ္မာ သင်္ကပ္ပ ” လို့ ခေါ်တယ်နော်။ ဒါကိုပဲ ပညာမဂ္ဂင်(၂)ပါးလို့ မှတ်ပါ။ အမြင်မှန်လို့ အတွေးမှန်သလို အမြင်မှန်လို့ အမှန်ပဲတွေးမိတယ်။ ဘယ်လို တွေးလဲ။ သြော်.. တို့တွေ ထင်ထားတဲ့ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဆိုတာ တကယ် မရှိတော့ပါလား။ တကယ်အရှိတရားကတော့ ရုပ်၊ နာမ်ပါပဲလားလို့ ထိသိလေး တစ်လုံးပြီးတစ်လုံးကို လိုက်သိပြီး ဖြစ်တာလည်းမြင်၊ ပျက်တာလည်း အထင်းသား မြင်နေတဲ့အချိန် ဝင်လာတဲ့အတွေးကလည်း မှန်ကန်သွားပြီနော်။ ကဲ.. ဒီလိုအမှန်တွေကိုသာ ကြည့်ပြီး အတွေးတွေမှန်လာတာကို ကိုယ့်ကိုကိုယ် သဘောတွေကျနေလိုက်တာ။ အားရင် အားသလို အမှန်တရားကို မြင်အောင် ကြည့်ဦး မှပဲလို့ ဝီရိယလေးတွေ ဖြစ်လာတယ်နော်။ ဒါကို “ သမ္မာဝါယာမ ” လို့ မှတ်လိုက်ပါဦး။

ဒီလို မှတ်နေ၊ ရှု့နေ၊ ကြည့်နေတဲ့အချိန်မှာ ကိလေသာစိတ်တွေ အကုသိုလ်တွေ ဝင်မလာအောင် ကိုယ့်စိတ်ကလေးကိုသတိလေးနဲ့စောင့်ရှောက် နေတာကိုက “သမ္မာသတိ” ပဲလေ။ ဒီလို သတိရယ်၊ ဝီရိယလေးတွေစိုက်ပြီး မလွတ်အောင် တစ်ချက်ပြီးတစ်ချက် ရုပ်၊ နာမ်ခွဲလို့၊ အကြောင်းအကျိုးတွေ ဆင်ခြင်လို့၊ ဖြစ်တာလဲသိ၊ ပျက်တာလည်းသိ၊ သိ…..သိပေးနေတော့ စိတ်ကလေးဟာ ငြိမ်ပြီးတည်ကြည်လာတယ်နော်။ ဒါသည် “ သမ္မာသမာဓိ ” ပဲ။ သမာဓိအားတွေ ကောင်းလာတယ်နော်။

ဒါကြောင့် ဒီ ဝီရိယရယ်၊ သတိရယ်၊ သမာဓိရယ် ကို ပေါင်းပြီး သမာဓိမဂ္ဂင် သုံးပါးလို့ မှတ်လိုက်ပါ။ ဒါဆို စုစုပေါင်း မဂ္ဂင်(၅)ပါး ရှိသွားပြီနော်။ ဒါဆို တို့တွေဟာ အမှန်ကို မြင်မှသာ ဒီမဂ္ဂင်(၅)ပါး ဖြစ်လာမယ်။ ဒါကိုသိရုံနဲ့ ပြီးပလားဆိုတော့ ပွားဖို့ ကျန်နေသေးတယ်လေ။ ဒီယာဉ်ကြီးပေါ် ထိုင်နေလို့ကတော့ ဘယ်ရောက်မလဲ။ မောင်းမှ ရောက်မှာ ပေါ့။ ဒါပေမယ့် သေချာတဲ့လမ်းပေါ်တော့ ရောက်နေပြီလို့ သိထားပါ။ ဒီတော့ တို့ဟာ ဘာလုပ်ရမလဲ။ ဒီမဂ္ဂင်ကို ပွားနေရမယ်နော်။ ပွားနေခြင်းသည် နိဗ္ဗာန် ဆီသို့ သွားနေခြင်းပဲလို့ သိထားပါ။ တို့ တရားမှတ်နေစဉ်မှာ မဂ္ဂင်(၅)ပါးဟာ အလို လိုပြည့်ပြီးသားနော်။

ဟိုရှေ့က ပြောခဲ့တာနဲ့ ဆက်စပ်ကြည့်ရင် ဒီလိုပွားနေတဲ့ အတွက် သမုဒယတွေ သေနေမယ်။ ဒါဆို ဒုက္ခဖြစ်ဖို့ အကြောင်းတွေကို ဒီမဂ္ဂင်(၅)ပါးနဲ့ ဖြတ်ပေးနေတယ်လို့သိပါ။ နောက်ပြီး ဒီမဂ္ဂင်ပွားနေစဉ် မီး(၈) မီးပါ ငြိမ်းနေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ ရှေ့တုန်းက ပြောခဲ့တာတွေကို အခု လက်တွေ့နဲ့ ဆက်စပ်ပေးနေတာနော်။ တို့ရင်ထဲက မကောင်းတဲ့ သံလိုက်တုံးကြီးသည် ဒီမဂ္ဂင်(၅)ပါး ဝမ်းထဲရောက်တာနဲ့ ပြေးပြီသာမှတ်။ ဒါဆို လာကပ်မယ့် မကောင်းတဲ့ ဘေးရန်တွေအတွက် မပူ ရတော့ဘူးပေါ့။ ဆက်စပ်လိုက်တော့ ဒီမဂ္ဂင်(၅)ပါး ပွားပေးနေခြင်းသည် မဂ္ဂသစ္စာပါလားလို့ သစ္စာ(၄)ပါးကိုပါ တွဲထည့်ကြည့်လိုက်နော်။ နောက် အကြောင်း အကျိုးခွဲကြည့်ရင်လည်း မဂ္ဂသစ္စာသည် ဆင်းရဲချုပ်ရန် အကြောင်း  ဖြစ်လို့ အကြောင်းဖြစ်မှ အကျိုး နိရောဓသစ္စာ(ဆင်းရဲချုပ်ငြိမ်းရုပ်သိမ်းတဲ့ နိဗ္ဗာန်)ကို ရောက်စေမှာမို့ မဝေးတော့ဘူးလို့သာမှတ်လိုက်ပါ။ ဒါဆို ဘယ်ထိ ပွားရ မလဲဆိုရင် မဂ္ဂင်(၈)ပါးပြည့် အောင်ထိပွားရပါမယ်။

ကဲတော်လောက်ပါပြီ။

အားလုံးလည်း မဂ္ဂမှသည် နိရောဓဆီသို့ အရောက်လှမ်းတက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ရပါတော့သည်။

စောသဇင်(မန္တလေး)

သြကာသရှင်းချက်

သြကာသ = ခွင့်ပြုတော်မူပါ။
ရှိခိုးကန်တော့ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သုံးကြိမ် ရွတ်ဆိုသည်။
ကာယကံ = ကိုယ်ဖြင့် ပြုလုပ်သောအမှု။
ဝစီကံ = နှုတ်ဖြင့်ပြောဆိုသောအမှု။
မနောကံ = စိတ်ဖြင့် ကြံစည်သောအမှု။
သဗ္ဗဒေါသ = ခပ်သိမ်းသောအပြစ်။
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးဌာ = ရတနာသုံးပါးနှင့် မိဘဆရာတို့ကို ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း၊ စိတ်ကူးအကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစ်စုံတစ်ခုသော ပြစ်မှားခြင်းရှိခဲ့သော် ထိုအပြစ်တို့ ပပျောက် လျော့ပါးသွားရန် တောင်းပန်ကန်တော့သည်။
အရိုအသေ = ရိုသေစွာ မလေးမခန့် မပြုဘဲ
အလေးအမြတ် = လေးစားမြတ်နိုးစွာ
လက်အုပ်မိုး၍ = လက်ဝါးနှစ်ဖက်ကို ပန်းကြာငုံကဲ့သို့ စုံညီပြု၍ နဖူးအထိ ချီမြှောက်ထားလျှက်
ရှိခိုး = အရိုအသေပြုသည်။
ရှိခိုးခြင်း ၃ မျိုးရှိသည်။ လက်အုပ်ချီ၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကို ကိုယ်ဖြင့် ရှိခိုးသည်။ ရတနာသုံးပါးတို့၏ ဂုဏ်တော်များကို နုတ်ဖြင့် ရွတ်ဆို၍ ရှိခိုးခြင်းကို နှုတ်ဖြင့် ရှိခိုးသည် မည်၏။ ရတနာသုံးပါးတို့၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန်အောက်မေ့ဆင်ခြင်ခြင်းကို စိတ်ဖြင့် ရှိခိုးသည် မည်၏။
ပူဇော် = တစ်စုံတစ်ခုပေး၍ အလေးအမြတ်ပြုသည်။ ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်းဟူ၍ ပူဇော်ခြင်း ၂ မျိုး ရှိသည်။ ကျင့်ဝတ်ဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း ဖြစ်၏။
ဖူးမြှော် = ပကတိ မျက်စိဖြင့် မြင်တွေ့ခြင်းဌာ ဥာဏ်မျက်စိ၌ ထင်ရှားပေါ်လွင်လာအောင် အာရုံပြုခြင်း ၂ မျိုး ရှိသည်။
မာန်လျှော့ = မာန်မာနကို လျှော့ချခြင်း။
မိမိသည် ရတနာသုံးပါးအောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။
ကန်တော့ = ၀န်ချတောင်းပန်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟူ၍ ၂ မျိုး ရှိသည်။
ကန်တော့ရသော အကျိုးအားကြောင့် = ကန်တော့ရသော ကုသိုလ်ကံ စေတနာကြောင့် နှင့် အဓိပ္ပါယ်တူပါ သည်။ ရှေးမူမပျက် ဆက်လက်သုံးပါ။

အပါယ်လေးပါး
ချမ်းသာကင်း၍ ကုသိုလ်ပြုခွင့်မရသော အရပ်လေးမျိုး။
၁။ ငရဲ = ငရဲထိန်း၊ ငရဲမီးတို့ဖြင့် အမြဲ ညှဉ်းပန်းနှိပ်စက်ခံနေရသောဘုံ။
၂။ တိရစ္ဆာန် = မဂ်ဖိုလ် မရနိုင်ဘဲ ဖီလာကန့်လန့်သွားတတ်သော သတ္တ၀ါတို့၏ဘုံ။
၃။ ပြိတ္တာ = စားရမဲ့၊ ၀တ်ရမဲ့၊ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံ။
လောဘကြီးသူ သေလျှင်မူ ရှေးရှု ပြိတ္တာဘ၀။
ဒေါသကြီးသူ သေလျှင်မူ ရှေးရှု ငရဲဘ၀။
မောဟကြီးသူ သေလျှင်မူ ရှေးရှုတိရစ္ဆာန်ဘ၀။
၎။ အသူရကာယ်။
ကပ်သုံးပါး
ဘေးအန္တရာယ် ကျရောက်နေသော အချိန်ကာလ ၃ မျိုး။
၁။ ဒုဗ္ဘိက္ခန္တရကပ် = (ဒုတ်ဘိတ်ခန်တရကပ်ဟုဖတ်) ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်နေသော ကာလ။
၂။ သတ္တန္တရကပ် = (သက်တန်တရကပ်ဟုဖတ်) လက်နက်ဘေး၊ စစ်ဘေးဆိုက်ရောက်နေသော ကာလ။
၃။ ရောဂန္တရကပ် = (ရောဂန်တရကပ်ဟုဖတ်) ကူးစက်ရောဂါ ဘေးအန္တရာယ်ဆိုက်ရောက်နေသော ကာလ။
လောဘကြီးက ငတ်မွတ်ရ ဒုက္ခကပ်ကြီးဆိုက်။
ဒေါသကြီးက သတ်ဖြတ်ကြ သတ္တကပ်ကြီးဆိုက်။
မောဟကြီးက ဖျားနာကြ ရောဂကပ်ကြီးဆိုက်။

ရပ်ပြစ်ရှစ်ပါး
အပြစ်ရှိသောအရပ် (၈) မျိုး။
၁။ ငရဲဘုံ
၂။ တိရစ္ဆာန်ဘုံ
၃။ ပြိတ္တာဘုံ
၎။ အရူပဗြဟ္မာဘုံ (ရုပ်မရှိ)
အသညသတ်ဘုံ (နာမ်မရှိ)
၅။ ပစ္စန္တရစ် – တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသော အရပ်၊ လူရိုင်းဒေသ။
၆။ မိစ္ဆာဒိဋ္ဌိ – မှားယွင်းသော အယူဝါဒရှိသူ
၇။ ဒုပ္ဗည – ဥာဏ်မွဲ၍ လူစဉ်မမှီသူ
၈။ သာသနပကာလ – ဘုရားမပွင့်သောအခါ
ဤအရပ်တို့၌ ဖြစ်လာသူများသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားခွင့်မရ၊ နာကြားရလျှင်လည်း အဓိပ္ပါယ် မသိကြချေ။

ရန်သူမျိုးငါးပါး
ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံဆိုး။
ရေ = ရေလွှမ်းမိုးသော ဘေးရန်။
မီး = မီးလောင်ခြင်းဘေးရန်။
မင်း = ရာဇ၀တ်ပြစ်ဒဏ်ခံရခြင်းဘေးရန်။
ခိုးသူ = ခိုးဝှက်လုယက်ခြင်းခံရသော ဘေးရန်။
အမွေခံဆိုး = မိဘကိုနှိပ်စက်တတ်သော သားဆိုး၊ သမီးဆိုးဘေးရန်။

ဝိပတ္တိတရား (၄) ပါး
ဖောက်ပြန်ချွတ်ယွင်းခြင်းတရား (၄) ပါး။
၁။ ဂတိဝိပတ္တိ – လားရာဂတိဖောက်ပြန်ခြင်း၊ အပါယ်ဘုံ၌ ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ – ရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလ၀ိပတ္တိ – ခေတ်ပျက်ခြင်း၊ တရားဥပဒေဖြင့် အုပ်ချုပ်မှု ကင်းမဲ့သောအခါကာလ။
၎။ ပယောဂ၀ိပတ္တိ – အားထုတ်မှု မမှန်ကန်ခြင်း၊ အကုသိုလ်အမှုများ၌ အားထုတ်ခြင်း၊ အပြစ်ကျူးလွန်ခြင်း။

ဗျသနတရား(၅) ပါး
၁။ ဥာတိဗျသန – ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန – စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန – ရောဂါနှိပ်စက်၍ ပျက်စီးခြင်း။
၎။ သီလဗျသန – အကျင့်သီလပျက်စီးခြင်း။
၅။ ဒိဋ္ဌိဗျသန – အယူလွဲမှား၍ ပျက်စီးခြင်း။
သီလဗျသနနှင့် ဒိဋ္ဌိဗျသနတို့သည် ဤဘ၀၌သာမက နောင်ဘ၀များစွာတို့၌လည်း ဆင်းရဲခြင်းကို ဖြစ်စေသည်။
အပါယ်သို့လည်းကျရောက်စေသည်။
မဂ်တရား = လောဘစသော ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့ သွားရောက်ကြောင်း ဖြစ်သော တရားလမ်း။
သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူ၍ မဂ် ၄ ပါးရှိသည်။
ဖိုလ်တရား = မဂ်၏အကျိုးတရား၊ နိဗ္ဗာန်ချမ်းသာကို ခံစားစေနိုင်သောဥာဏ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ ဖိုလ်လေးပါးရှိသည်။
နိဗ္ဗာန်တရား = လောဘ၊ ဒေါသ၊ မောဟတို့ ကုန်ရာဖြစ်၍ ထာဝရငြိမ်းအေးချမ်းသာနေခြင်း သဘော။